ပအိုဝ်းလူမျိုးသမိုင်း ( ဘာသာပြန်)



လူမျိုး - ပအိုဝ်းတိုင်းရင်းသား
ကိုးကွယ်သည့်ဘာသာ - ထေရဝါဒ ဗုဒ္ဓဘာသာ
နေထိုင်သည့် နိုင်ငံ - မြန်မာနိုင်ငံ
နေထိုင်ရာဒေသများ - ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း
ဘာသာစကား - ပအိုဝ်း (နေထိုင်ရာဒေသအားလျော်စွာ သက်ဆိုင်ရာဘာသာစကားများကိုလည်း အထိုက်လျှောက်ပြောတတ်ကြပါသည်။ အထူးသဖြင့် ရှမ်းပြည်မှာဆိုရင် ပအိုဝ်း၊ မြန်မာ၊ ရှမ်း ဘာသာစကားသုံးခုဖြင့် ပြောတတ်ကြပါသည်)။
လူဦးရေ - ၆ သန်း (နောက်ဆုံး ရရှိထားသော သန်းခေါင်စာရင်းများအရ)။
ပအိုဝ်းတပ်မတော် (PNA) - အမျိုးသား အမျိုးသမီးတပ်မတော်အပါဝင် အင်အားစုစုပေါင်း ၄၀၇၀၀ ဝန်းကျင်ခန့်ရှိ၊ အခြေချနေထိုင်ရာနယ်မြေ - ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း (ရှမ်းပြည်တောင်ပိုင်း)၊ ၁၉၄၉-ခုနှစ်မှာ တည်ထောင်ပြီး၊ ၁၉၉၁-ခုနှစ်မှာ ဧပြီလ ၁၁ရက်နေ့မှာ ငြိမ်းချမ်းရေးအလင်းဝင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။

သမိုင်းအကျဉ်း (History)
******************
ပအိုဝ်းတိုင်းရင်းသားတို့သည် လွန်ခဲ့သော BC-1200 ကျော်ကတည်းကပင် ဒီကမ္ဘာမြေပေါ်မှာ နေထိုင်ခဲ့ကြကြောင်း သမိုင်းများအရ သိရှိရပါသည်။ထို့အတူ ပအိုဝ်လူမျိုးများအနေနဲ့ 1000 B.C ခန့်က လက်ရှိမြန်မာနိုင်ငံ သထုံမှာ အခြေချနေထိုင်ခဲ့ကြပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် မွန်ဂိုလီးယားဒေသ တရုတ်ပြည်အနောက်ပိုင်းကို ဖြတ်ကျော်ပြီး မဲခေါင်၊ သံလွင်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း အုပ်စုသုံးအုပ်စုခွဲပြီး တဖြည်းဖြည်းနေထိုင်စီးဆင်းလာခဲ့ရာမှ လက်ရှိမြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံအတွင်း ဝင်ရောက်လာရာတွင် မြန်မာလူမျိုးနှင့် ရှမ်းလူမျိုးများထက် ပိုပြီးစောသည်ဟု သမိုင်းမှတ်တမ်းအရ သိရပါသည်။
အုပ်စု သုံးအုပ်စုတွင် ပထမအုပ်စုသည် မဲခေါင်တောင်ကြားမှ ယိုးဒယား၊ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရှိ သထုံဒေသတို့သို့ အဆင့်ဆင့်ပြောင်းရွှေ့ပြီး အခြေချနေထိုင်ခဲ့ကြသည်။ ဒုတိယအုပ်စုသည် တရုတ်ပြည်နယ်စပ် ကြူကုန်တောင်ကြားမှ ကွတ်ခိုင်၊ လားရှိုးတောင်တန်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့သို့ အဆင့်ဆင့်ရွှေ့ပြောင်းနေထိုင်လာခဲ့ကြပါသည်။ ထိုဒုတိယအုပ်စုထဲမှ တစ်ချို့သည် တောင်ဘက်သို့ တဖြေးဖြေးစုန်ဆင်းပြောင်းရွှေ့ပြီး သုဝဏ္ဏဘူမိခေါ် သထုံတွင် ရောက်နှင့်ပြီးသော ပထမအုပ်စု ပအိုဝ်းများနှင့် ပူးပေါင်းမိကြသည်။ တတိယအုပ်စုမှာမူ ရွှေလီမြစ်အတိုင်း နေရင်းဒေသမှ အေနောက်တောင်ဘက်ကျသည့်နေရာသို့ ဦးတည်ကာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ထို့နောက် တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့သို့ အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ တတိယအုပ်စုထဲတွင် အချို့သည် သရေခေတ္တရာမှ အရှေ့တောင်ဘက်သို့ တဖြေးဖြေးပြောင်းရွှေ့လာခဲ့ကြရာ နောက်ပိုင်းတွင် မွန်ပြည်နယ် သထုံဒေသရှိ ပအိုဝ်းတို့နှင့် ပူးပေါင်းမိကြပြန်သည်။



AD 1057 -ခု၊ သာသနာ ၁၆၀၁ -ခု၊ ကောဇာ ၄၁၉ -ခုနှစ်တွင် အနော်ရထာမင်းသည် သထုံပြည်ရှိ ပိဋကတ်သုံးပုံ အစုံ (၃၀) တို့ကို ပုဂံပြည်သို့ပင့်ဆောင်ပြီး သထုံပြည့်ရှင် မနုဟာခေါ် မကုဋမင်းကိုလည်း ပအိုဝ်းတိုင်းရင်းသားအချို့နှင့်အတူ ပုဂံပြည်သို့ ခေါ်ဆောင်သွားခဲ့သည်။ သထုံပြည်တွင် ကျန်ခဲ့သော ပအိုဝ်းတိုင်းရင်းသားတို့အများစုသည် ထောက်တည်ရာအားနည်းသွားသဖြင့် အချို့သည် သထုံပြည်ကိုစွန့်ခွာပြီး ရေကြည်ရာ မြက်နုရာသို့ ထပ်မံပြောင်းရွှေ့ခဲ့ကြပြန်သည်။ အချို့သည် သထုံမှ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းတို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အချို့တွင်မူ သထုံမှ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့သို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြပြီးနောက် ကောဇာသက္ကရာဇ် ၄၅၈ - ခုနှစ်တွင် ဆီဆိုင်မြို့ခေါ် သထုံလေးကိုတည်ထောင်ပြီး၊ ကောဇာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် တောင်တီရွာ (ယခုတောင်ကြီးမြို့)တို့ကို အခြေချတည်ထောင်နေထိုင်ခဲ့ကြပါသည်။ ဝတ်စားဆင်ယင်မှုအနေနဲ့ သမိုင်းကျကျ ပြောရမယ်ဆိုရင် ပအိုဝ်းလူမျိုးများသည် သထုံမြို့ဘုရင်ဖြစ်တဲ့ မနုဟာခေါ် မကုဋမင်းကို အနော်ရထာမင်းက တိုက်ခိုက်တဲ့အချိန်အထိ အရောင်စုံ အဝတ်အစားများကို ဝတ်ဆင်ခဲ့ကြပါသည်။ မကုဋမင်းစစ်ရှုံးပြီးနောက်ပိုင်း ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် မဲနက်ရောင်ကို ပအိုဝ်းတိုင်းရင်းသားများရဲ့ ဝတ်စုံအမှတ်အသားအဖြစ်ဝတ်ဆင်ခဲ့သည်ဟု ဆိုပါသည်။

ပအိုဝ်းလူမျိုးများအနေဖြင့် ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းတိုင်းရင်းသားပြီးရင် ဒုတိယလူဦးရေအများဆုံးဖြစ်ပါသည်။ နေထိုင်ရာဒေသများအနေဖြင့် ရှမ်းပြည်နယ်အပြင်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ အများစုနေထိုင်ကြပါသည်။ ထို့အပြင် ပျဉ်းမနားမြို့အနီးရှိ ရေနီဒေသ ဗဒတ်ချောင်းကျေးရွာ၊ မကွေးတိုင်း ဂန့်ဂေါ၊ မင်းဘူး မခုက္ကူ ခရိုင်၊ ရန်ကုန်တိုင်းအနီး အင်းတကော်ဒေသ၊ တံခွန်တိုင်ဒေသ အစရှိသည်တို့မှာလည်း နေထိုင်ကြပါသေးသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပြင်ပနိုင်ငံစြဖ်သော တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံနှင့် မဲခေါင်မြစ် အောက်ပိုင်းဒေသတို့တွင်လည်း နေထိုင်ကြပါသေးသည်။ ပအိုဝ်းအမျိုးသားတို့သည် တိဘက်မျိုးနွယ် တိဘက်မြန်မာအုပ်စုဝင်ဟု ယုံကြည်သလို တိဘက်မြန်မာအုပ်စုဝင်ဘာသာစကား တစ်မျိုးကိုပြောကြသည်ဟုလည်းကောင်း ရိုးရာရော ဘာသာစကားရော ကရင်ဘာသာစကားနှင် နီးစပ်သော ဘာသာစကားကို ပြောဆိုနေထိုင်ကြသည်ဟုလည်းကောင်း သမိုင်းပညာရှင်များက ဖော်ပြခဲ့ကြပါသည်။ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် အဓိကအားဖြင့် အုပ်စုနှစ်အုပ်စုရှိပါသည်။ ခမ်းဒွမ်ပအိုဝ်း ခမ်းကောင်ပအိုဝ်းဆိုပြီး နှစ်အုပ်စုရှိပါသည်။ ခမ်းဒွမ်ပအိုဝ်းအနေဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းမှာ နေထိုင်ခဲ့သည့်ပအိုဝ်းများကို ခမ်းဒွမ်ပအိုဝ်းဟု သတ်မှတ်ကြပါသည်။ အဓိကတည်နေရာအားဖြင့် သထုံပအိုဝ်းကို ခမ်းဒွမ်ပအိုဝ်းဟုခေါ်ကြပါသည်။ ခမ်းကောင်ပအိုဝ်းများကတော့ ရမ်းပြည်နယ်၊ ကယားပြည်နယ်မှာနေထိုင်ကြသည့် ပအိုဝ်းကို ခမ်းကောင်ပအိုဝ်းဟု သတ်မှတ်ကြပါသည်။ ခမ်းကောင်ပအိုဝ်းအနေဖြင့် အဓိကတည်နေရာသတ်မှတ်ချက်အနေဖြင့် တောင်ကြီးပအိုဝ်းကို ခမ်းကောင်ပအိုဝ်းဟု ခေါ်ကြပါသည်။ ပအိုဝ်းလူများအနေဖြင့် မျိုးကွဲအနေဖြင့် ၂၀၁၀မှာဖော်ပြထားသည့် ပြည်ထောင်စုထဲကပအိုဝ်းစာအုပ်အရ ၂၄ မျိုးဟုလည်းကောင်း၊ ဦးစန္ဒာဝရ MAဘွဲ့အတွက်တင်သွင်းသော တိုင်းရင်းသားပေါင်းစုံတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုကိုလေ့လာခြင်း စာအုပ်ထဲဖော်ပြချက် အရ ၃၃ မျိုးဟုလည်ကောင်း အသီးသီးဖော်ပြပါရှိပါသည်။


၎င်းပအိုဝ်းမျိုးနွယ်စု ၃၃ မျိုးတို့မှာ-
၁။ ပအိုဝ်းခွန်တန် သို့မဟုတ် ကွန်လုံ/ခွန်လုံ (နေရာအနှံအပြား ခမ်းဒွမ် ခမ်းကောင်)
၂။ ပအိုဝ်း ခရိုင်း (ခြဲုင်း) (တောင်ကြီးတောင်ဘက် ထီရီး နောင်ပစ်နဲ့ပင်လောင်းဒေသ)
၃။ ပအိုဝ်းတတောက်* (နောင်တရား ပင်လောင်း အင်းလေးအနောက်ခြမ်း)
၄။ ပအိုဝ်း ဝါးဖရဲ့ (ဝါးဖြဲ့)* (နေရာအအနှံ့ လူနည်းစု ကျန်းစန်း ကျန်းစန်းတောင်တန်း)
၅။ ပအိုဝ်းလွယ်အိုင်း* (နေရာအအနှံ့ လူနည်းစု ကျန်းစန်း ကျန်းစန်းတောင်တန်း)
၆။ ပအိုဝ်းကျန်းစန်း (စင်းသင်း)* (ပင်လောင်း စင်းသင်း၊ လွယ်လင် ပင်လုံ လဲချား)
၇။ ပအိုဝ်းတယင်* (ပင်လောင်း ဖယ်ခုံ)
၈။ ပအိုဝ်းဓနု * (ရွာငံ ပင်းတယ ရပ်စောက်)
၉။ ပအိုဝ်းပန်နင် * (အင်းလေး ကျောက်တန်းအနောက်)
၁၀။ ပအိုဝ်းပတောင် (ပဒေါင်)* (ဖယ်ခုံဒေသ)
၁၁။ ပအိုဝ်းတရဲုင် (တရျုတ်)* (ပင်လောင်း ကလော)
၁၂။ ပအိုဝ်းတောင်ရိုး* (ပင်းတယဒေသ ကရင် ထိုင်း နယ်စပ်)
၁၃။ ပအိုဝ်းပထုံ * (ကယား လွယ်ကော်)
၁၄။ ပအိုဝ်းတကွာ
၁၅။ ပအိုဝ်းကွန်းစံ * (ဆီဆိုင်)
၁၆။ ပအိုဝ်းငသောက်ရင်း
၁၇။ ပအိုဝ်းငွေတောင်သူ * (မိုင်းကိုင် ခေးအုံရွာ)
၁၈။ ပအိုဝ်းတနိုး မြန်မာအခေါ် ထနော့ * (အေးသာယာ၊ နောင်အင်၊ သစ်ပင်ထောင်ရွာ)
၁၉။ ပအိုဝ်းတတိုင်
၂၀။ ပအိုဝ်းတတွေး
၂၁။ ပအိုဝ်းထီရီး* (ပင်လောင်း ဒေသ)
၂၂။ ပအိုဝ်းရင်သိုင်း
၂၃။ ပအိုဝ်းပန်းပလှိုင်
၂၄။ ပအိုဝ်းမိုက်ကွန်
၅။ ပအိုဝ်း ပလောင်* (လွယ်ကော် ဒေသ)
၂၆။ ပအိုဝ်းပလေး ပအိုဝ်းအခေါ် တယင်* (လွယ်ကော် အောင်ပန်း)
၂၇။ ပအိုဝ်းယင်းဒမ် * (နမ့်စန်)
၂၈။ ပအိုဝ်းတောင်သား
၂၉။ ပအိုဝ်းမိုက်လန်
၃၀။ ပအိုဝ်းပနဲ
၃၁။ ပအိုဝ်းဇယိမ်
၃၂။ ပအိုဝ်းနန်းခေ
၃၃။ ပအိုဝ်းတန်းစန် ဟူ၍ ၃၃ မျိုးရှိပါသည်။

၎င်းမျိုးနွယ်စုအားလုံးတို့သည် နေရာဒေသများလည်း ကွဲလာကြသလို စာပေယဉ်ကျေးမှုလည်း

အချို့နေရာတွေမှာ ကွဲပြားကြပါသည်။ နေထိုင်ရာဒေသ ပတ်ဝန်းကျင် အရပ်ရပ်တို့ကြောင့်

 စကားပြောရာတွင် အသံအနေအထားများကွာခြားကြပါသည်။


( ဓာတ်ပုံက အင်းလေးဒေသ အနောက်ဖက် တောင်တိုဈေးသုံးပြီး ပြန်လာကြသည့် ပအိုဝ်းတိုင်းရင်းသား )

*ပြထားသောပအိုဝ်းနွယ်များသည် သက်ဆိုင်ရာဒေသများမှာ ထင်ထင်ရှားရှားရှိနေပါသေးသည်။မှတ်ချက်၊ ပအိုဝ်းနီလို့တစ်မျိုးခေါ်ကြပါသေးတယ်။ အမှန်ကတော့ အရောင်ကိုမှီပြီး လူမျိုးအတွက် နာမည်ဆိုတာမရှိပါဘူး...သူ့ဘာသာစကားကို အခြေခံရမယ်ထင်တယ်။ သူတို့က ကွန်လုံစကားပြောတယ်လို့ပြောပါတယ်။ ဒါဆိုရင် ပအိုဝ်းကွန်လုံ၊ ခွန်တန်၊ ပအိုဝ်းခွန်တန်ထဲက အကျုံးဝင်ပါတယ်။ လက်ရှိသူတို့ နေထိုင်ရာဒေသကတော့ လင်းခေး မိုင်းပွန်မြို့နယ်လို့သိရပါတယ်။ပအိုဝ်းနီမဟုတ်ပါ။ ပအိုင်းကွန်လုံ ခေါ် ပအိုဝ်းခွန်တန်ပါ။စိုက်ပျိုးမွေးမြူရေး (Agriculture)
ပအိုဝ်းတိုင်းရင်းသားများအတွက် အဓိကကျသည့် စိုက်ပျိုးမွေးမြူရေးများကတော့ သနပ်ဖက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငြုတ်သီး၊ အာလူး၊ စပါး၊ ပဲမျိုးစုံ၊ နမ်း၊ မုန်ညင်း၊ လက်ဖက် စသည်တို့ဖြစ်ကြပါသည်။ရိုးရာ ယဉ်ကျေးမှု (Culture)
၁။ မီးလုံး - လူးဖဲုင်ပွဲတော် (Fire Rocket Festival)
ပအိုဝ်းတိုင်းရင်းသားများအတွက် အဓိကအရေးပါသည့် ရိုးရာယဉ်ကျေးမှုပွဲတော်ကတော့ မီးလုံးပွဲခေါ် (ပွဲလူးဖဲုင်) ဖြစ်ပါသည်။ ဒီမီးလုံးပွဲကတော့ တောင်တန်းတွေပေါသည့် တောင်ပေါ်ဒေသ ရှမ်းပြည်မှာ အဓိကကျင်းပကြပါသည်။ အကြီးဆုံးပွဲတော်အနေဖြင့် တောင်ကြီးမြို့ ကရင်မရေထွက်မှာ ကျင်းပသည့် ပအိုဝ်းရိုးရာ မီးလုံးပွဲတော်ကတော့ အစည်ကားဆုံး အကြီးဆုံးပွဲတော်ဖြစ်ခဲ့သည့်အပြင် ပြိုင်ပွဲဝင်မီးလုံးအနေဖြင့် ယမ်းအလေးချိန် ၂၀အထိရိုက်ထည့်နိုင်သည့် မီးလုံးပွဲတော်လည်းဖြစ်သည်။ ပွဲတော်ရက်အဖြစ် တစ်ပတ်တိတိကြာသလို မီးလုံးများလည်း အလုံး၂၀ မှ အလုံး၃၀ အထိ ရှိခဲ့ပါသည်။
သက္ကရာဇ် ၂၀၀၀ ခုနှစ် နောက်ပိုင်း တောင်ကြီးမြို့တော်ပွဲအဖြစ် ပိတ်ခံရသည့်နောက်ပိုင်း တောင်ကြီးမြို့မြောက်ဘက်က ပေါမူကျေးရွာက မီးလုံးပွဲကတော့ အကြီးဆုံးပွဲဖြစ်ခဲ့ပါသည်။ မီးလုံးပွဲတော် ကျင်းပရခြင်းရည်ချက်များကတော့ ကောက်ပဲသီးနှံများ စိုက်ပျိုးချိန်မှာ မိုးလုံလုံလောက်လောက်ရွာဖို့၊ ကောက်ပဲသီးနှံများ အထွက်နုန်းကောင်းဖို့၊ မီးလုံးလွတ်တင်ရာမှဖြစ်ပေါ်လာသည့် အခိုးအငွေ့များကို တိမ်တိုက်များအဖြစ်မှာ မိုးရာသီမှာ မိုးပုံမှန်ရွာဖို့အတွက်ရယ်၊ တစ်နှစ်တစ်ခါဖြစ်စေ တစ်ရွာနဲ့တစ်ရွာ၊ တစ်နယ်နဲ့တစ်နယ် အပြန်အလှန်ရင်းနှီးကျွမ်းဝင်မှုရှိဖို့ သွေးစည်းညီညွတ်ဖို့ရယ်၊ နောက်တစ်နည်းမှာတော့ လူးဖဲုင် (လူး = လှူဒါန်းခြင်း၊ ဖဲုင် = မကောင်းမှု ဒုစရိုက်များ ဖယ်ရှားခြင်း) ဆိုသည်မှာ မကောင်းမှုဒုစရိုက်များကို ဖယ်ရှားဖို့အတွက်ရယ် အဓိကရည်ရွယ်ပြီး ပအိုဝ်းအမျိုးသားအတွက် အဓိကကျသည့် ရိုးရာယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ပအိုဝ်းရိုးရာ မီးလုံးခေါ် (လူးဖဲုင်) ပွဲတော်ကို ကျင်းပနေကြခြင်းဖြစ်ပါသည်။
(
ကျနော်ရေးခဲ့ပြီးသည့် ပအိုဝ်းရိုးရာ မီးလုံး (လူးဖဲုင်) ပွဲတော်အကြောင်း ခေါင်းစဉ်ဖြင့် ထိုက်သင့်သလောက်ဖော်ပြပြီးဖြစ်ပါသည်)။
၂။ ဘာသာရေး ယုံကြည်မှု (Religion beliefs)
ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် အဓိကကျသည့် ရိုးရာယဉ်ကျေးမှုများကတော့ ရှင်လောင်းပွဲခေါ် (ပွယ်သျင်လောင်)၊ နှင့် မီးပဒေသာလှည့်လည်ပူဇော်ပွဲတို့ဖြစ်ကြပါသည်။ ရှင်လောင်းပွဲကျင်းပသည့်အချိန်များကတော့ တန်ခူး ကဆုန်လ အများစု အလုပ်များနားသည့်လမှာ ရွာလုံးကျွတ်ဖြစ်စေ၊ လေးငါးရွာပေါင်းသည်ဖြစ်စေ၊ ခရိုင်အလိုက်ဖြစ်၊ မြို့ပေါ်ကဆိုရင် ရပ်ကွက်များအားလုံးကို စုပေါင်းပြီး ရှင်လောင်းအရေအတွက် ငါးဆယ်မှ တစ်ရာ နှစ်ရာအထိကျင်းပတတ်ကြပါသည်။ တစ်ဦးတစ်ယောက်တစ်ပိုင် တစ်နိုင်အနေဖြင့် ကျင်းပလေ့မရှိကြပါ။ ရှင်လောင်းပွဲကျင်းပသည့်အခါ ရှင်လောင်းထိန်း၊ ထမင်းဧည့်ခံကျွေးမွေးသူများအနေဖြင့် မိမိတို့တာဝန်ကျရာ အလှည့်ကျ တာဝန်သိ ရွာလုံးကျွတ် ကူညီလုပ်ဆောင်ပေးကြသည့်အလေ့မှာ ပအိုဝ်းတိုင်းရင်းသားများအတွက် ထင်ရှားစေသော အဓိကယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပါသည်။ (ပအိုဝ်းရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပသည့် ရှင်လောင်းပွဲတော်အကြောင်း ကျနော်ရေးခဲ့ပါပြီ)။
နောက်တစ်ခု မီးပဒေသာလှည့်လည်ပွဲကတော့ သြဂုတ်လကနေ အောက်တိုဘာလအထိ (တော်သလင်းလကနေ တန်ဆောင်မုန်းလ အထိ) မီးပဒေသာလှည့်လည်ပူဇော်ပွဲ (မေးဗို) ကို ရွာတိုင်းမှာ မိမိတို့ရွာဦးဘုန်းကြီးကျောင်းမှာဖြစ် ရွာဦးဘုရားစေတီမှာဖြစ်စေ အပျို လူပျို လူငယ်များက အဓိကဦးဆောင်ပြီးကျင်းပတတ်ကြပါတယ်။ ကျင်းပသည့်နေ့ရက်တွေကတော့ လဆန်း ၈ရက်၊ လဆုတ် ၈ရက်၊ လပြည့် လကွယ်၊ ဥပုသ်အဖိတ်နေ့ညတွေမှာ ကျင်းပတတ်ကြပါတယ်။ မီးပဒေသာကိုတော့ ရောင်စုံစက္ကူများအသုံးပြုပြီး ဝါးများ၊ သစ်သားများကို ကိုင်းများအဖြစ်သုံးပြီး မိမိတို့လှမယ်ထင်တဲ့ ပုံစံများဖြင့် ဖန်တီးပြီး လှည့်လည်ပူဇော်ကြပါတယ်။ အထူးသဖြင့် တောင်ကြီးမြို့မှာ သီတင်းကျွတ်လပြည့်နေ့ည၊ တန်ဆောင်မုန်းလပြည့်နေညမှာကျင်းပသည့် မီးပဒေသာလှည့်လည်ပူဇော်ပွဲဇော်ပွဲတော့ ပြိုင်ပွဲအသွင်ဆောင်ပြီး သူ့ထက်ငါလှပအောင် ပုံစံအမျိုးမျိုးဖြင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာတစ်ရပ်အနေဖြင့် ပူဇော်ကြပါတယ်။
ယုံကြည်ကိုးကွယ်မှုအနေနဲ့ကတော့ ရှေးပဝေသဏီကတည်းက သုဝဏ္ဏဘူမိ သထုံပြည်နေစဉ်ဆင်ကပင် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့ကြသည်မှာ ယခုထိတိုင်ပင်ဖြစ်သည်။ ခရိယာန်ဘာသာ ယုံကြည်ကိုးကွယ်သူများလည်း ရှိသည်ဟုလည်း သိရပါသည်။ အထူးသဖြင့် အခါကြီးရက်ကြီး၊ ဝါတွင်းသုံးလ မဟုတ်သည့် လပြည့်လကွယ် ဥပုသ်နေ့တွေမှာ အလုပ်များပိတ်ပြီး စုပေါင်း ကျောင်းတက်ကြသည်မှာ အခြားသူများထက် ဘာသာတရားကို ပိုအလေးထားတာကို ပြနေပါသည်။ ဝါတွင်းသုံးလ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်ကာလများမှာတော့ ဘုန်းကြီးကျောင်းများနှင့် ဇရပ်များတွင် သီတင်းသီလဆောက်တည်သူများဖြင့် ပြည့်ကြပ်နေတတ်ကြသည်။ ထိုအခါမျိုးမှာ သက်ဆိုင်ရာ ကျောင်းဒကာများမှာ ရွာလုံးကျွတ် အလှည့်ကျတာဝန်ဖြင့် သွမ်စာဂခေါ် အလှည့်ကျဆွမ်းချက်ပြီး သံဃာတော်များနှင့် ဥပုသ်ဆောက်ကြသည့် ဥပုသ်သည်များရော ကျောင်းတက်ကြသည့် ဧည့်သည်များအားလုံးတို့ ဆွမ်းခဲဘွယ်စသည်တို့ဖြင့် လှူဒါန်းသည့် အလေ့အထကောင်းများလည်း ခုထက်ဂုဏ်ယူဝင့်ကြွားစွာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါသည်။
 

၃။ အမျိုးသားနေ့ (National Day)
အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက် အမျိုးသားစိတ်ဓါတ် ရှင်သန်ထက်မြက်ရေးနှင့် အမျိုးသားစာပေ ယဉ် ကျေးမှု ဖော်ထုတ်ထိန်းသိမ်းရေး စသည်ဖြင့် ပြုလုပ်ရာတွင် အရေးပါသော နေ့တစ်နေ့ဖြစ်သည်။ ပအိုဝ်း လူမျိုးတို့ သည် မိမိတို့ထူးခြားသည့် သမိုင်းအစဉ် အလာကို အကြောင်းပြုပြီး ဒဲဉ်သီးလာဗွေ ခေါ် တပေါင်းလ ပြည့်နေ့ကို ပအိုဝ်းအမျိုးသား နေ့ အဖြစ်သတ်မှတ်ကြသည်။ ဂေါတမမြတ်စွာဘုရား သက်ရှိထင်ရှားချိန်တွင် သုဝဏ္ဏဘုမိ သထုံပြည်ကို အုပ်ချုပ်ခဲ့သော သူရိယစန္ဒာမင်းသည် ပအိုဝ်းလူမျိုးတို့အတွက် တောက်ပသော ခေတ်ကာလကို ဖန်တီးပေးခဲ့သည်။ ထိုမင်းသည် သထုံမြို့ရှိ ရွှေစာရံ စေတီတော်၏ မူလဒါယာကာလည်းဖြစ်သည်။ ဤကျေးဇူးတရားကို အောက်မေ့တမ်းတ သတိရခြင်းအား ဖြင့် သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်း လပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
သူရိယစန္ဒာမင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က မဟာသက္ကရာဇ်(၃)ခုနှစ် တပေါင်းလပြည့် စနေ နေ့တွင် နေထွက်လဝင်၊ နေရောင် လရောင် ရောယှက်သော အချိန်တွင် ဖွားမြင်သဖြင့် သူရိယစန္ဒာ ဟု ခေါ်တွင် ခဲ့သည်။
အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ လုပ် ငန်းခွင် ရုပ်သိမ်းပြီးစီးသည့် တပေါင်းလတွင် ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော် မိအိုဖအို အကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ ကောက်ဦးတင်ပွဲများ ကျင်းပကြသည်။ ကောက်ဦးကျွေးမွေးပွဲတွင် ဆွေမျိုးများကို တစ်နှစ် တစ်ကြိမ်တွေ့ဆုံခွင့်ရ ခဲ့ကြသည်။ ထိုကြောင့် တပေါင်းလပြည့်နေ့ ရောက်တိုင်း ရွှေစာရံစေတီ ဘုရားကုန်းမြေ၌ ဘုရားကို ကောက်ဦးပူဇော်ပွဲ ဆွေမျိုးဆုံပွဲပြုလုပ်ရာမှ ပအိုဝ်းအမျိုးသားနေ့ အဖြစ်သို့ ပေါ်ပေါက်လာခဲ့ရသည်။
ဖဆပလ ဦးကျော်ငြိမ်းသည် သထုံနယ်၌ လယ်ယာစီမံကိန်းများ ချမှတ်ခဲ့သည်။ ပအိုဝ်း ရွာသားတို့သည် မိမိတို့ ဘိုးဘွား လက်ထက်ကတည်းက ပိုင်ဆိုင်လာသော လယ်မြေများကို ဖဆပလ အစိုးရက အဓမ္မ သိမ်းဆည်း ခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် ၁၉၄၈ ခုနှစ် မတ်လတွင် ပအိုဝ်းတောင်သူ အမျိုးသားအဖွဲ့ချုပ် ဦးဆောင်သော လူအင် အား တစ်သောင်း ကျော် သထုံမြို့ပေါ်သို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့သည်။ ထိုဆန္ဒပြပွဲတွင် အဆိုသုံး ရပ်ကို တင်သွင်းခဲ့ရာ ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဝေါ်သုံးစွဲရေးသားခြင်း မပြုရေးအချက်ကိုသာ လိုက် လျောခဲ့ သည်။
ထိုအချိန်မှ စ၍ ပအိုဝ်းအမျိုးသားနေ့ကို ရွှေစာရံ စေတီတွင် သာမက ပအိုဝ်းအမျိုးသားများ စုဝေးနေ ထိုင်ရာ အရပ်တိုင်းတွင် စည်ကားစွာ ကျင်းပလာကြသည်။ ယင်းသို့ ကျင်းပရာတွင် ရာစုနှစ်များစွာ ကတည်းက ကျင်းပ လာခဲ့သော မိဘဘိုးဘွားတို့၏ အစဉ်အလာကို တန်ဖိုးထားလေးစားခြင်းအားဖြင့် ကျင်းပသည့် အကြိမ် အရေ အတွက်ကို တည့်သွင်းကျင်းပခြင်းမပြုပဲ ကျင်းပလာကြပါသည်။
ယခုအခါ ပအိုဝ်းအမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်တော့ဘဲ အသက်(၈၀) ကျော် ဘိုးအိုဘွားအို များကို ကန်တော့ခြင်း၊ ပရိယတ္တိစာပေတွင် ထူးချွန်စွာ အောင်မြင် သော ပအိုဝ်းသံဃာတော်များကို ဆုများ ချီး မြှင့်ခြင်း စသည့် လူမှုရေးလုပ်ငန်းများဖြင့် ပြုလုပ် လာကြသည်ကို တွေ့ရသည်။ ထိုအပြင် ပအိုဝ်းဒေသတွင်းရှိ အခြားသောတိုင်းရင်းသား လူငယ်များအား တစ်ဦးကိုတစ်ဦး ပိုမိုရင်းနှီးမှုရှိလာအောင် ယဉ်ကျေးမှုအဆိုအက အတီး အမှုတ်များဖလှယ်ခြင်းနှင့် အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း စသည်ဖြင့် ပြုလုပ်သည်ကို တွေ့ရ သည်။ ပအိုဝ်းအမျိုးသားနေ့ကို ပြည်ပရောက်ပအိုဝ်းတိုင်းရင်းသားများအပါအဝင် ပြည်တွင်းပြည်ပ နေရာအနှံအပြားမှာ ကျယ်ကျယ်ပြန့်ပြန့် နှစ်စဉ် တပေါင်းလပြည့်နေတိုင်း ကျင်းပကြပါသည်။
၄။ ဝတ်စား ဆင်ယင်မှု (Dress)
ပအိုဝ်းတိုင်းရင်းသား တို့သည် အနက် (သို့) နက်ပြာရောင်ဝတ်စုံကို အများဆုံးဝတ်ဆင်ကြသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသား တို့မူကား ဗမာ လူမျိုးကဲ့သို့ ဝတ်ဆင်ကြသည်က များလေသည်။ အမျိုးသားများတွင် သုံးဆင့်၊ အမျိုးသမီးများတွင် ငါးဆင့်ရှိပြီး ခေါင်းပေါင်းနှင့် ရှပ်အင်္ကျီမှတစ်ပါး အားလုံးအနက်ရောင်ချည်းဖြစ်ကြသည်။ အနက်ရောင်၊ နက်ပြာရောင် ဝတ်ဆင်ကြခြင်းမှာ အနက်ရောင်သည် အပူကို စုပ်ယူနိုင်ခြင်း၊ အေးသောရာသီဥတုဒဏ်ကို ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်းမှု သက်သာခြင်း စသည်တို့ကြောင့်ပင် ဖြစ်သည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသား တို့သည် အများအားဖြင့် မြင့်သောတောင်ပေါ်ဒေသတွင် နေထိုင်ကြသဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်၏။ အနက်ရောင်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ မူပိုင်အရောင်ပင် ဖြစ်လေသည်။ အနက်ရောင်၊ နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ရာတွင် အဖိုးထိုက်တန်သော သက္ကလပ်များကို အထူးအလေးပေး ဝတ်ဆင်ကြ၏။ အမျိုးသား၊ အမျိုးသမီး ဝတ်စုံတစ်စုံသည် ယခုကာလ စျေးနှုန်းအားဖြင့် ငါးသောင်းကျပ်ခန့်ရှိလေသည်။ အနက်ရောင်၊ နက်ပြာရောင် ဝတ်စုံကို ညီညာစွာ ဝတ်ဆင်ကြသဖြင့် ဂုဏ်တု ဂုဏ်ပြိုင် ကင်းသည်ကို တွေ့ရပေသည်။
အမျိုးသားဝတ်စုံ ပအိုဝ်းအမျိုးသားများသည် ဘောင်းဘီပွ၊ အပေါ်အင်္ကျီ (တိုက်ပုံ အင်္ကျီ) အနက်ရောင်၊ နက်ပြာရောင် ဝတ်ဆင်ပြီး အတွင်းတွင် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ကြသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ မှလာသော ခေါင်းပေါင်းရောင်စုံကို ပေါင်းထားကြပြီး ပခုံးထက်တွင် တောင်းပို ခေါ် လွယ်အိတ်ကို လွယ်လေ့ရှိသည်။ အမျိုးသမီးဝတ်စုံ ပအိုဝ်းအမျိုးသမီးဝတ်စုံမှာ အခြာတိုင်းရင်းသူများနှင့် မတူဘဲ ထူးခြားလျှက်ရှိ၏။ ပအိုဝ်း တိုင်းရင်းသားတို့သည် အဖ ဝိဇ္ဇာဇော်ဂျီ၊ အမိ နဂါးမမှ ဆင်းသက်လာသည်ဟု ယုံကြည် ယူဆထားသဖြင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံသည် နဂါးမနှင့်တူလှသည်ကို တွေ့ရပေသည်။
ပအိုဝ်းအမျိုးသမီးဝတ်စုံတွင် ခေါင်းပေါင်းပဝါ အပါအဝင် အင်္ဂါငါးရပ်ရှိသည်ကို တွေ့ရသည်။ ၎င်းတို့မှာ အနက် သို့မဟုတ် နက်ပြာရောင် သင်တိုင်းအင်္ကျီ၊ အင်္ကျီလက်ရှည်၊ ထမီ၊ ခြေသလုံးပတ် စသဖြင့် အဆင့်ဆင့် ဝတ်ဆင်ကြသည်။ ငွေကြေးတတ်နိုင်သူတို့က ရွှေဆံထိုး အချွန်နှင့် အဝိုင်းနှစ်ခုလုံး ဖြစ်စေ၊ တစ်ခုတည်း ဖြစ်စေ ဆံထိုးတွင်ထိုးစိုက် အလှဆင်ကြသည်။ ဆံထိုးအချွန်သည် ငှက်ပျောဖူး ပုံသဏ္ဍာန်ရှိပြီး၊ အဝိုင်းမှာ ကွမ်းသီးလုံး အရွယ် သဏ္ဍာန် ရှိလေသည်။ ဆံထိုးအချွန်သည် နဂါးမ၏ မျက်လုံးသဖွယ် အဖြစ်လည်းကောင်း ဆင်ယင် ကြခြင်းဖြစ်သည်။ ရွှေဆံထိုးကို ရွှေအနီရောင်တင်ထား၏။ တောင်းပိုခေါ် လွယ်အိတ်ဖြစ်စေ၊ ဖော့ခေါ် ပလိုင်းလုံးကိုဖြစ်စေ လွယ်လေ့ရှိသည်။
ရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ အနက်ရောင် ဝတ်စားဆင်ယင်မှုကို ခုံမင်နှစ်သက်စွာ ဝတ်ဆင်လျှက် ရှိကြသည်။ အထူးသဖြင့် အလှူပွဲ များကျင်းပချိန်တွင် အနက်ရောင်၊ နက်ပြာရောင်ဝတ်စုံများဖြင့် စည်းလုံးညီညွတ်စွာ တွေ့ရ ပေသည်။ အောက်မြန်မာပြည်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားများသည် ရိုးရာဝတ်စား ဆင်ယင်မှုနည်းသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုအခြေအနေအရ ကာလဒေသအရလည်းဖြစ်နိုင်ပါသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အသက်ဖြစ်သဖြင့် မိမိတို့လူမျိုး၏ ယဉ်ကျေးမှု မေတိမ်ကော မပျောက်ကွယ်စေရန် မိမိတို့လူမျိုး၏ ဘာသာစကားကို ပြောဆိုနိုင်ခြင်းနှင့် ဝတ်စားဆင်ယင်မှုဖြင့် ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပေသည်။ ဝတ်စားဆင်ယင်မှုသည် အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း၏ ခန္ဓာကိုယ်တွင် ဆင်ယင်ရသော အဝတ်အထည်နှင့် လက်ဝတ်လည်ဆွဲ စသော အဆင်အယင်များကို ခေါ်သည်။
ပအိုဝ်း အမျိုးသားများ၏ ဝတ်စားဆင်ယင်မှုများမှာ တရုတ်ပြည်အချို့ဒေသများ၏ ဝတ်စားဆင်ယင်မှုများနှင့် ဆင်တူသည်။ အပေါ်တိုက်ပုံအကျႌမှာ လေးထောင့်စပ် ပုံသဏ္ဍာန်ရှိပြီး ခါးအထိရှည်သည်။ ဘောင်းဘီမှာ အပွဖြစ်၍ ခါး၌အဝကျယ်သည်။ ပအိုဝ်းယောင်္ကျားကလေးများ မွေးစမှ (၅)နှစ် (၆) နှစ်အထိ သတ်မှတ်ချက်မရှိသော အင်္ကျီဘောင်းဘီများကို ဆင်မြန်းလေ့ရှိကြသည်။ အချို့ကလေး ငယ်များ၏ ဦးထုပ်မေးသိုင်းကြိုးများကို ငွေကြိုးနှစ်ပင် သုံးပင်ဖြင့် ဆင်မြန်း လေ့ရှိကြသည်။ ရှေးခေတ် ပအိုဝ်းယောင်္ကျားကလေးများ၊ မိန်းကလေးများသည် နားဖောက်၍ နားတောင်းများ ဆင်မြန်းခဲ့ကြသော်လည်း ယခုခေတ်တွင် မိန်းကလေးများသာ ဖောက်ပြီး၊ ယောင်္ကျားကလေးများ အရွယ်ရောက်ချိန်တွင် ဘောင်းဘီနှင့် ခေါင်းပေါင်းသည် အဓိကဝတ်ဆင်ပြီး ပွဲလမ်းသဘင်များ၌သာ အပေါ်အင်္ကျီ (တိုက်ပုံ) ကို ဝတ်ဆင်ကြသည်။ အတွင်းခံအင်္ကျီအဖြစ် တီရှပ်ရောင်စုံများ၊ စပို့ရှပ်များ ဝတ်ဆင်လာကြသည်။ ရှေးကဒေသလုပ် သားရေဖိနပ်များစီးကြရာမှ ယခုအခါ ပြည်တွင်းပြည်ပဖြစ် ဖိနပ်များကို ချိန်ခါမရွေး စီးလာကြသည်။
အိမ်တိုင်းတွင် ဓား၊ ခမောက်များ ရှိကြပြီး၊ ၎င်းကို လယ်ယာ လုပ်ငန်းခွင်ဝင်ရာတွင် အများဆုံးအသုံးပြုသည်။ လွယ်အိတ်မျိုးစုံနှင့် ထီးမျိုးစုံသည် ပအိုဝ်း အမျိုးသား၊ အမျိုးသမီးများ အတွက် အသုံးများသော အသုံးအဆောင်ပစ္စည်း ဖြစ်သည်။ ငွေကြေးပြည့်စုံသူများသည် ဆွဲကြိုးများ၊ လက်စွပ်များ၊ ကျောက်ဖြင့် ကွင်းထားသော လက်စွပ်များကို ဝတ်ဆင်လေ့ ရှိကြသော်လည်း ယခုခေတ်လူငယ်များတွင် ထိုသို့သော အလေ့အထ တဖြည်းဖြည်း နည်းပါးလာကြောင်း တွေ့ရသည်။ ပအိုဝ်းမိန်းကလေးများ မွေးစမှ (၇)နှစ် (၈)နှစ်ထိ ဂါဝန်အနက်ရောင်ကို ဖြစ်စေ၊ နောက်ဆုံးပေါ် ရောင်စုံဂါဝန်များကို ဖြစ်စေ ဝတ်ဆင်ပေးလေ့ရှိကြသည်။ ၎င်းနောက် သတ်မှတ်ထားသော လူကြီးဝတ်စုံများကို ဆင်မြန်းလာကြသည်။
ပအိုဝ်းအမျိုးသမီးများ၏ အဓိကဝတ်စုံမှာ ခပ်ကျယ်ကျယ် ခပ်ပွပွရှိသည့် သင်တိုင်းများဖြစ်သည်။ လည်ပင်းနေရာတွင် အင်္ဂလိပ်အက္ခရာ ဗွီပုံသဏ္ဍာန် ရှေ့နောက် ဖောက်ထား၍ လက်မောင်းအဝကျယ် နှစ်ပေါက် ပါရှိသည်။ ကိုယ်အောက်ပိုင်းတွင် ဒူးအထိရှိသော ထမီကို အသုံးပြုဝတ်ဆင်လေ့ရှိသည်။ ဒူးအောက်ပိုင်း ခြေသလုံးပတ်လည်တွင် အဝတ်နက်စခေါ် (ခင်;လွမ်) ခြေပတ်ကို ကြိုးဖြင့် ချည်နှောင် ဝတ်ဆင်ကြသည်။ ရှေးအခါက လက်မောင်းစွပ် အစား အမျိုးသားတိုက်ပုံဆန်ဆန် ကော်လာသေး ခါးတို ဝတ်စုံကိုသာ အများဆုံး ဝတ်ဆင်လာကြသည်။ အမျိုးသမီးများသည် အမျိုးသားများနည်းတူ တဘက် ခေါင်းစီးကို စည်းလေ့ရှိကြသည်။ ဆံပင်ကို ငယ်ထိပ်တည့်တည့်တွင် ထုံးထားပြီး ဖက်ဖူးစောင်ဖြင့်ဖြစ်စေ၊ အဖြူ၊ အနီ၊ အကြား၊ အရောင်များဖြင့်ဖြစ်စေ၊ နောက်ဆုံးပေါ် ပြည်ပဖြစ် တဘက်အမျိုးမျိုးကို ဖြစ်စေ ခေါင်းပေါင်းအဖြစ် အသုံးပြုကြသည်။ အမျိုးသမီးများသည် ခေါင်းပေါင်းတဘက်များကို ပေါင်းထားကြသည့်အပြင် ရွှေဆံထိုးနှစ်ခု ကိုလည်း စိုက်ထိုးထားကြသည်။ အရွယ်ရောက်ချိန်မှစ၍ လက်ဝတ်ရတနာ ရွှေငွေများ ဆင်မြန်းလေ့ရှိကြသည်။ ငယ်စဉ်က ဖောက်ထားသော နားပေါက်များတွင် စက္ကူလိပ် နားတောင်း၊ ရွှေပြားလိပ်နားတောင်း၊ ရွှေနားတောင်းများကို ပန်ဆင်ကြသည်။ နားပေါက်ကျယ် ရှေးအမျိုးသမီး များမှာ ရွှေပြားလိပ်များကို ပန်ဆင်ကြပြီး နားပေါက်ကျဉ်းသူများမှာ နားသန်သီးကိုသာ ဆင်မြန်း လေ့ရှိကြသည်။ ရွှေလက်ကောက်၊ ငွေလက်ကောက်များကိုလည်း ပုံစံအမျိုးမျိုးဖြင့် ဝတ်ဆင်ကြကာ ဆွဲပြားများ၊ လက်စွပ်များ၊ ကျောက်သံပတ္တမြားစသည့် ရတနာ များကိုလည်း ငွေကြေးတတ်နိုင်မှု အလိုက် နှစ်ခြိုက်စွာဝတ်ဆင်လေ့ရှိကြသည်။ အမျိုးသမီးများသည် မကြာခဏ တရော်ဖြင့် ခေါင်းလျှော်၍ အုန်းဆီဖြင့် ဆံပင်ကို သလေ့ရှိသည်။ အလှဆီ ရေမွှေးများ အသုံးပြုမှု နည်းပါးသော်လည်း သနပ်ခါးကို လိမ်းကျံလေ့ရှိကြပြီး ပါးနီဆိုးသော အလေ့ အချို့နေရာများတွင် ရှိနေသေးသည်။ မြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ခေတ်မီပအိုဝ်း အမျိုးသမီးများမှာမူ နောက်ဆုံးပေါ် အလှပြင်ပစ္စည်းများ အသုံးပြု နေကြမည်မှာ အထူးယုံမှားသံသယ ဖြစ်ဖွယ် မရှိတော့ပါ။ ပအိုဝ်းအမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှုများမှာ မျိုးနွယ်စု အလိုက်၊ ဒေသအလိုက်၊ အနည်းငယ်ကွဲပြား ခြားနားမှုရှိကြသည်။


၅။ မင်္ဂလာဆောင်ခြင်း (Marriages)
အမျိုးသားနှင့် အမျိုးသမီးအချင်းချင်း မေတ္တာမျှကြသောအခါ အမျိုးသားမိဘနှင့် လူကြီးများက အမျိုးသမီးမိဘနှင့် လူကြီးများထံသို့ သွားရောက်စေ့စပ်ကြောင်းလမ်းကြသည်။ အမျိုးသမီးမိဘများအနေဖြင့် အချိန်လေးငါးရက်ယူပြီး သမီးရဲ့ဆန္ဒကိုဆွေးနွေးတတ်ကြသည်။ အမျိုးသမီးဘက်မှ ကာယကံရှင်တို့ သဘောတူကြသည့်အခါ စေ့စပ်ကြောင်းလမ်းခြင်း အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် လက်ဆောင်တစ်ခုခု တင်ကြရသည်။ မင်္ဂလာလက်ထပ်ပွဲအတွက် နှစ်ဖက်သော မိဘများက ရက်ကောင်းရက်မြတ်ရွေးပြီး ဆွေမျိုးအသိုင်းအဝိုင်းများအားဖိတ်စာ ကမ်းကြသည်။ လက်ထပ်ပွဲများသို့ သတို့သမီး၏နေအိမ်တွင် ကျင်းပတတ်ကြသည်။ နှစ်ဖက်မိဘများ၊ ကာလသားခေါင်းဆောင်များနှင့် ဧည့်ပရီသတ်တို့ကို ကန်တော့ရန်အတွက် ကန်ေတော့ပွဲသုံးပွဲပြင်ရသည်။ ကန်တော့ပွဲတိုင်းတွင် ငါးချဉ်နှစ်ထုပ်၊ စုံအေရေအတွက်ရှိသော ငှက်ပျောသီးနှစ်ဖီး၊ လက်ဖက်စုံနှစ်ထုပ်၊ ဆေးနှစ်ထုပ်၊ ကွမ်းသီးနှစ်ထုပ်တို့ကို ထည့်ကြရသည်။ မိဘအစုံအလင်ရှိသော သတို့သားအရံ၊ သတို့သမီးအရံများကိုလည်းထားရသည်။ အိမ်ထောင်စုံရှိသော သက်ကြီးရွယ်အိုတစ်ဦးဦးက မင်္ဂလာပွဲကို စတင်ပြီးလက်ထပ်ပေးရသည်။ သတို့သား သတို့သမီးတို့၏လက်တွင် ချည်မျှင်စွပ် ဆုတောင်းပေးကြပြီး လက်ဖွဲ့ပေးကြသည်။ လက်ထပ်မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်ကို သတို့သားဖက်မှ ခံရသည်။ ကျေးလက်တောရွာများတွင်မူ သတို့သား သတို့သမီးများကိုယ်တိုင် နှစ်ဖက်ဆွေမျိုးများကို တစ်ရွာဝင် တစ်ရွာထွက် လိုက်လံကန်တော့ရသော ထုံးစံလည်း ယခုအထိရှိပါသေးသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ အိမ်ထောင်ရေးတွင် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးလေ့ရှိသောကြောင့် လင်မယားကွာရှင်းမှု နည်းပါးလှပါသည်။ သို့သော် အချို့ဒေသတွင် လင်မယားကွာရှင်းမှု အနည်းငယ်ရှိလာတဲ့အခါ ကျေးရွာလူကြီးများနှင့် ဆွေမျိုးသားချင်းများက ကွာရှင်းပေးရန် ဝန်လေးတတ်ကြသည်။ အချိန်အမျိုးမျိုးဆွဲပြီး အမျိုးမျိုးစေ့စပ်ပြန်ဖြေပေးလို့ မရနိုင်တော့သည့်အခါကျမှသာ ကွာရှင်းပေးတတ်ကြပါသည်။ လင်မယားကွာရှင်းရာတွင် ရွာသူကြီးက ကွာရှင်းခြင်းအထိမ်းအမှတ်အဖြစ်ဖြင့် ကွမ်းရွက် သို့မဟုတ် ဆေးရွက်တို နှစ်ခြမ်းခြမ်းပြီး တစ်ခြမ်းစီ ခွဲဝေပေးသည်။ အချို့ဒေသတွင် တစ်ဦးလျှင် တစ်ဖက်စီကိုင်ထားသော အပ်ချည်မျှင်ကို ရွာသူကြီးက ဖြတ်တောက်ပေးသည်။
Fre - fb


#KhonPaOKham



Comments