ပျူဖြစ်သော ပအိုဝ်း တိုင်းရင်းသားများသည် ပျူခေတ် ကတည်းကပင် တောင်ပေါ်မြေတွင် အစဉ်အဆက် နေထိုင်ခဲ့ကြသော ဇာတိသားများ ဖြစ်ကြောင်း လေးလေးနက်နက် သိနားလည် သင့်ပေသည်။ ဤသို့ ဖော်ပြရခြင်းမှာ တိုင်းရင်းသား လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကို အကျိုးမဲ့၊ ထိပါး၊ စော်ကားခြင်း မပြုစေလိုသောကြောင့် ဖြစ်သည်။ သမိုင်းအစဉ်အလာ ကြီးမားခဲ့သော ပအိုဝ်းတိုင်းရင်းသား များ၏ ဂုဏ်ကိုလည်း ယထာဘူတ ကျစွာ ထင်ရှားစေလို သောကြောင့်လဲ ဖြစ်သည်။
ပအိုဝ်း (ခေါ်) တောင်သူ၊ ကရင်တိုင်းရင်းသားများမှာ မြန်မာနိုင်ငံတွင် တောင်နှင့်မြောက်ဖြန့်၍ သထုံခရိုင်၊ ပခူးခရိုင်၊ တောင်ငူခရိုင်၊ ဘားအံခရိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ တောင်ကြီး၊ လွိုင်လင် မော်တော်ကားလမ်း တစ်လျှောက်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူတို့တွင် နေထိုင်ကြသည်။
(၁၉၄၂-ခုနှစ်၊ သန်းခေါင် စာရင်းအရ ယာယီအားဖြင့် ပအိုဝ်းကို ရှို(ပိုး)ကရင် အုပ်စုထဲတွင် ထည့်သွင်းခဲ့သည်။)
ဘားအံ၊ ကော့ကရိတ်ခရိုင်များတွင် ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးမြူသော ရှို(ပိုး)ကရင် အမျိုးသားများကို တွေ့ရခဲသည်။ ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးမြူသူ အများစုမှာ ပအိုဝ်းအမျိုးသားများသာ ဖြစ်သည်။ ဖါပွန်နယ်တွင် ရှမ်းများနှင့် စဝှော်(စကော)ကရင် အနည်းငယ်သာ ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးမြူသည်ကို တွေ့ရသည်။ ကရင်အမျိုးသားများအနက် ပအိုဝ်းအမျိုးသားများသာ လက်မှုပညာတွင် ထူးချွန်ကြသည်။ ယင်းပညာဖြင့် အသက်မွေး၀မ်းကျောင်း ပြုသူများလည်း ရှိကြသည်။ အရှေ့ရှို(ပိုး) ကရင်ကျေးရွာများတွင် ပအိုဝ်းတို့သည် ပန်းပဲလုပ်ငန်း၊ လက်သမား၊ လွှသမား၊ အထက်ရက်၊ ဆေးဆိုးစသော လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ရှေးခေတ် ပျူလူမျိုးတို့သည် ဟိနာယန ဗုဒ္ဓဘာသာဖြင့် ဗြဟ္မီအက္ခရာပွား အိန္ဒိယမြောက်ပိုင်း ကဒံဗ အက္ခရာကို ခရစ်နှစ်ငါးရာစုခန့်က စတင်အသုံးပြုခဲ့ပြီး မွန်တို့သည် ဗြဟ္မီအက္ခရာပွား အိန္ဒိယတောင်ပိုင်း ပလ္လ၀အက္ခရာကို ငါးရာစုခန့်တွင်ပင် စတင်သုံးစွဲခဲ့ ကြလေသည်။ မြန်မာတို့ကမူ ပျူ၊ မွန်နှစ်ဦးစလုံးထံမှ နည်းမှီလျက်၊ ၁၁ရာစုတွင် ယနေ့အသုံးပြုနေသော စာရေးနည်းပညာကို ရခဲ့ပေသည်။ ကရင်လူမျိုးတို့၏ အက္ခရာသည် ဗြဟ္မီ၊ ပျူ၊ မြန်မာအက္ခရာတို့မှ ဆင်းသက်ပြီး မြန်မာ အက္ခရာနှင့် အဖိုးတူ၊ အဖွားတူ အက္ခရာများ ဖြစ်ကြောင်း ဇစ်မြစ်ကို ပေါ်လွင်စေလိုကြောင်း လေ့လာမှတ်သားရသည်။ အချို့အာဏာပိုင်များက
ပအိုဝ်းတိုင်းရင်းသား တို့အား ပိုးကရင် တိုင်းရင်းသားများနှင့် အမျိုးတူကြောင်း သတ်မှတ်လိုကြသည်။ ဘာသာစကားချင်း ဆင်တူသဖြင့် ယင်းသို့ သတ်မှတ်ခြင်း ဖြစ်နိုင်သည်။ အဆိုပါ လူမျိုးစုနှစ်ခုသည် ရိုးရာ၊ ဓလေ့များတွင်လည်း အတော်ပင် ဆင်တူကြောင်း အထောက်အထားများစွာ တွေ့ရသည်။
ပအိုဝ်းစကားနှင့် ပိုးကရင်စကားတို့မှာ တူလှသည်။ ကရင်စကားပြော မျိုးနွယ်စုတွင် ပအိုဝ်းစကားနှင့် အတူညီဆုံးမှာ ပဒေါင်(ကယန်း)စကား ဖြစ်သည်။ ပိုးကရင် တိုင်းရင်းသား အုပ်စုတွင် ပိုးကရင်အပြင် ပအိုဝ်းလူမျိုးများလည်း ပါ၀င်သည်။ ၄င်းတို့ကို ရခိုင်ကမ်းမြောင် တစ်လျှောက်မှ မြိတ်အထိ တွေ့ရှိရသည်။ မြန်မာများက ၄င်းတို့ကို ကရင်တိုင်းရင်းသားများဟု သတ်မှတ်ခေါ်ဝေါ်သည်။ ၄င်းတို့၏ နေရင်းဇာတိမြေမှာ တီဟန်ချင်းနှင့် ခယင်ဒေသတို့ဖြစ်သည်။ ခယင်ကို သက္ကရာဇ် ၇၀၇-ခုနှစ် ရှမ်းများ သိမ်းပိုက်ခဲ့သည်။ ခယင်မှာ မြန်မာအသံထွက် ကရင်ကို ခေါ်ဝေါ်ပုံနှင့် အသံတူသည်။ (ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးများ အကြောင်း- ဘာသာပြန် လက်နှိပ်စက်မှု၊ အမေရိကန်နိုင်ငံတော် နယ်ဘွဲ့လွန်မှ ကောက်နုတ်ချက်)။ ပအိုဝ်းများသည် ၄င်းတို့၏ သားချင်းညီအစ်ကို ကရင်တိုင်းရင်းသားနှင့် ခွဲထွက်ပြီး ဗုဒ္ဓဘာသာ၀င် ဖြစ်လာကြလျက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေချ နေထိုင်လိုက်ခြင်းမှာ ကရင်များနှင့် နေသည်ထက် တိမ်မြှုပ်မှေးမှိန် သွားစေခဲ့သည်။ ရှေးသမိုင်း ဆရာများက ပအိုဝ်းတို့သည် မုတ္တမခရိုင် သထုံ၌ အဓိကထား နေထိုင်ခဲ့ကြပြီး မြောက်ပိုင်းဒေသ၌ ကျိုးတိုးကျဲတဲသာ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။ ကရင်တိုင်းရင်းသားနှင့် ခွဲထွက်ပြီး ဗုဒ္ဓဘာသာ၀င် ဖြစ်လာကြလျက် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင် လိုက်ခြင်းမှာ ကရင်များနှင့်အတူ နေသည်ထက် တိမ်မြှုပ်မှေးမှိန် သွားစေခဲ့သည်ဟူသော အဆိုမှာ ထိုစာတမ်းပြုစုသူ အမေရိကန် သာသနာပြု ဝီလီယံ ဒန်းဟက်ကက်၏ တစ်ဖက်သတ် အမြင်သာ ဖြစ်လေသည်။ ပအိုဝ်း တိုင်းရင်းသားသည် သကျမျိုးရိုးနွယ် သာကီအဘိုးအဘေး ပျူလူမျိုးအဖြစ် ကြီးကျယ်ထင်ရှား ခဲ့ပြီးသား ဖြစ်သည်။
လွိုင်လင်နှင့် ပင်လုံမြို့များ၏ အနောက်ဖက် တစ်ခိုတွင် တောင်တန်းညိုညိုကို မျက်စိတစ်ဆုံး တွေ့ရသည်။ ယင်းတောင်တန်း၊ တောင်စွယ်သည် ကယားနယ်စပ်မှ မိုင်းကိုင်နယ် အလွန်အထိ မိုင်နှစ်ရာခန့် သွယ်တန်းလျက်ရှိသော တောင်ကြောကြီး ဖြစ်သည်။ အရှေ့လွိုင်လင်၊ ပင်လုံဘက်မှ လှမ်းမျှော်လိုက်လျှင် တောင်ညှိုတစ်လျှောက်တွင် အပြောက်အပြောက် ထင်လျက်ရှိသော မြစိမ်းရောင် သနပ်ဖက်များကို တွေ့ရသည်။ ယင်းသနပ်ဖက် ခင်းများနှင့် မလှမ်းမကမ်းတွင် ဟိုတစ်စက်၊ သည်တစ်စက် အရောင်တလက်လက် ထနေသော ပအိုဝ်းရွာများကိုလည်း တွေ့ရသည်။ နေရောင်အောက်တွင် အိမ်မိုးသွပ်များ အရောင်ထွက်နေခြင်း ဖြစ်သည်။
ထိုတောင်တစ်ကြောတွင် မိုင်းကိုင်နယ်မှ ကယားနယ်စပ်အထိ သနပ်ဖက်ခြံကြီးများကို ပအိုဝ်း တိုင်းရင်းသားများကသာ လုပ်ကိုင်ကြသည်။ သနပ်ဖက် စိုက်ပျိုးရေးသည် ပအိုဝ်းတို့၏ မိရိုးဖလာ လုပ်ငန်းဟုဆိုက မှားအံ့မထင်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်အချိန်အထိ ပအိုဝ်းတိုင်းရင်းသားတို့ကို (တောင်သူလူမျိုး)ဟု ခေါ်သော်လည်း သန်းခေါင်စာရင်းတွင်မူ ကရင်လူမျိုးထဲတွင် ထည့်သွင်းထားသည်။ ၁၉၃၁-ခုနှစ် စာရင်းအရ ပအိုဝ်းလူဦးရေ (၁၉၂၁၀၈)ယောက် ရှိသည်။ နိုင်ငံရေးအရ စည်းရုံးလှုပ်ရှားမှုများ ရှမ်းပြည်နယ်တွင် ပေါ်ပေါက်လာသောအခါ (ပအိုဝ်းလွောင်းဗူး) ဟူ၍ ပအိုဝ်းအမျိုးသား အစည်းအရုံး ပေါ်ပေါက်လာကာ တောင်သူများကို (ပအိုဝ်း)ဟု ခေါ်လာကြသည်။ ပအိုဝ်း ဟုခေါ်မှ ကြိုက်သည်။
တောင်ပေါ်မှ သနပ်ဖက်များကို လွိုင်လင်၊ ပင်လုံမြို့သို့ နွား၊ လား ၀န်တင်များဖြင့် သယ်ယူလာကြသည်။ အချို့မှာ တောင်တန်းတစ်ဘက်ရှိ မိုင်းပွန်မြို့သို့ သယ်ဆောင် သွားကြသည်။ ပင်လုံမြို့မှ (၆)မိုင်ခန့်သာ ဝေးသော မြေပြန့်ရှိ လွိုင်လင်မြို့ ကလေးမှာလည်း အရှေ့မြောက်ပိုင်းဆိုင်ရာ ဆပ်ဒီဝီဇံ ၀န်ထောက်တစ်ဦး၊ အရှေ့တောင်ပိုင်းဆိုင်ရာ ဆပ်ဒီဝီဇံ ၀န်ထောက်တစ်ဦး၊ လမ်းအရေးပိုင် တစ်ဦး၊ အစိုးရ ရဲဌာန၊ ဆေးရုံကြီး၊ ကျောက်ထိုးဘက် ကျန်းမာရေးဌာန၊ စာတိုက်နှင့် ကြေးနန်း၊ ကျောင်းဆရာ၊ ဆရာမတို့အပြင် နယ်ခြားစောင့် တပ်ခွဲတစ်ခွဲလည်း အမြဲတမ်းရှိသဖြင့် အမှုထမ်း၊ အရာထမ်း၊ စာရေးစာချီ ပျာတာများဖြင့် စည်ကားလျက်ရှိသည်။ ယခုအခါတွင်မူ လွိုင်လင်နှင့်ပင်လုံမှာ မြို့ချင်းဆက်လုနီးပါးမျှ စည်ကားနေပေပြီ။ ထိုစဉ်က ပင်လုံမြို့ကို အပိုင်စားလျက်ရှိသော လဲချားနယ် စော်ဘွားကြီးသည် သနပ်ဖက်တစ်ပင်ကို အခွန်တော် တစ်ပြားကျ စည်းကြပ်နေရာမှ နှစ်ပင်သုံးပြားနှုန်း မြှင့်တင်လိုက်သည်။ သို့ဖြင့် လောင်မီးကြီး စပေါတော့သည်။ ပတူအုံ တုတ်နှင့် ထိုးမိတော့သည်။ သနပ်ဖက်ခွန်ကို ကောက်မြဲထက် ပို၍တောင်းသည်မှာ မျက်နှာဖြူ၀န်ထောက် အသစ် ကင်းစလေး (Kinsley)၏ လက်ချက်ဖြစ်သည်ဟု သနပ်ဖက်ခြံရှင်များက ယူဆသည်။ ၀န်ထောက်အသစ်မှာ ရောက်ခါစ ဖြစ်သည်။ ကင်းစလေး (Kinsley)သည် တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ ကျောင်းမှ ကျောင်းအုပ်ကြီးလုပ်နေခိုက် အရေးပေါ်အစီအစဉ်အရ လွိုင်လင်သို့ ၀န်ထောက်အဖြစ် ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ မျက်စိတစ်ဘက်လပ် နှင့်ဖြစ်သည်။ ဤသို့ အခွန်တိုးသည်မှာ ၀န်ထောက်ရုံးတွင် တွဲလျက်ရှိသူ စာရေးကြီး ဦးသာဒင်၏ ပယောက ဖြစ်သည်ဟုလည်း ပအိုဝ်းများက ယုံကြည်နေကြသည်။ ထို့ကြောင့် လွိုင်လင်အနောက်ဘက် တောင်တရိုးမှ သနပ်ဖက်ပအိုဝ်းများ လွိုင်လင်စျေးနေ့တွင် အစုလိုက်အပြုံလိုက် ဆင်းလာကြသည်။ ဓါးလွယ်နှင့် ဓါးမြှောင်များ ဝှက်ယူလာကြသည်။ ကြိုတင်အချိန်းအချက် ပြုလုပ်ထားကြသည့် အတိုင်း လွိုင်လင်စျေးတွင် စုရုံးမိကြသောအခါ (ကင်းစလေး ခေါင်းဖြတ်မယ်၊ သာဒင် ခေါင်းဖြတ်မယ်)ဟု ကြွေးကြော်ကာ ဓါးတ၀င့်၀င့်နှင့် စျေးအရှေ့ဘက် လမ်းမကြီးပေါ်သို့ စုပြုံထွက်လာကြသည်။ စျေးရောင်းစျေး၀ယ်များ ပြေးမိပြေးရာ ကြောက်အားလန့်အား ဇွတ်ပြေးကြသဖြင့် စျေးလည်းပြိုတော့သည်။ လွိုင်လင်မြို့သူကြီး ဦးခွန်ထွန်းသည် စျေးအရှေ့ဘက် မလှမ်းမကမ်းတွင် နေသဖြင့် အခြေအနေကို ချက်ချင်းရိပ်စားမိသည်။ ဓါးလွယ်ကို ကောက်လွယ်ကာ မြင်းဒုန်းစိုင်းပြီး အစျေးအရှေ့ဘက်ရှိ နွားလှည်းစခန်းသို့ အရောက်လာခဲ့သည်။ ဆူပူအော်ဟစ် နေသူများကို ဖျောင်းဖျပြောဆိုရန် လူကြားထဲသို့အ၀င် ရုတ်တရက် အခုတ်ခံရသည်။ ဘယ်ဘက် လက်မောင်းရင်းမှ နေ၍ တိကနဲ ပြတ်သွားသည်။ ဦးခွန်ထွန်း ဓါးပြီးသည်ဟု နာမည်ကြီး နေ၍သာ ပအိုဝ်းများ နောက်ဆုတ်သွားကြသည်။ ပအိုဝ်း သုံးလေးယောက် ဒဏ်ရာ ရသွားသည်။ အချင်းဖြစ်ပွားရာသို့ မကြာမီ နယ်ခြားစောင့်တပ် လက်နက်များဖြင့် ရောက်လာသောအခါ လွိုင်လင်စျေးအရှေ့ဘက်တွင် သွေးကွက်သွေးစက်များသာ တွေ့ရတော့သည်။ အင်္ဂလိပ် အရေးပိုင်က အထက်သို့ အစီရင်ခံရာတွင် (လက်ဖက်ရည် ပန်းကန်ထဲမှ မုန်တိုင်း) ဟု ခပ်ပေါ့ပေါ့ လုပ်လိုက်သော်လည်း ပအိုဝ်းဦးကြီး နှစ်ဆယ်ခန့် မြင်းခြံထောင်သို့ ရောက်သွား သည်ဟု အင်္ဂလိပ်ခေတ် ပအိုဝ်းတိုင်းရင်းသားတို့၏ လှုပ်ရှားမှုတစ်ရပ်ကို သိရှိနိုင်ပေသည်။ ပအိုဝ်းတိုင်းရင်းသား ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်များ၏ ရှင်းပြချင်နှင့် ကွဲလွဲမှု အနည်းငယ် ရှိသော်လည်း ထိုသို့ဖြစ်ပျက်ခဲ့ကြောင်း ထင်ရှားသည်။ ဖက်ဆစ်ဂျပန်ခေတ်တွင်လည်း နည်းပရိယာယ် အမျိုးမျိုးသုံးကာ ဖက်ဆစ်ဂျပန်များကို တိုက်ပွဲဆင်နွဲ ခဲ့ကြသည်။ တရုတ်ဖြူ ကျူးကျော်သူများကိုလည်း ပြည်သူ့စစ် အသွင်ဖြင့် ပါ၀င်တိုက်ထုတ် မောင်းနှင်ကြသည်။ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့ပြီး ဖြစ်သော်လည်း ပအိုဝ်း တိုင်းရင်းသားများမှာ ပဒေသရာဇ်စနစ်ဆိုး၏ လွှမ်းမိုးချုပ်ချယ်မှု အောက်မှ လွတ်မြောက်ရန် ပဒေသရာဇ် စနစ်ဆိုးကို တွန်းလှန်ကြရ ပြန်လေသည်။
ခေတ်အဆက်ဆက်တွင် ပအိုဝ်း တိုင်းရင်းသားများသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ပီသစွာ ကျရာကဏ္ဍတွင် နိုင်ငံအရေးကို ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများနှင့်အတူ လက်တွဲ ပါ၀င်ခဲ့ကြပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိူးတစ်ရာကျော် ရှိသည့်အနက် ပအိုဝ်းတိုင်းရင်းသားများသည် သတ္တမ လူဦးရေအများဆုံး ဖြစ်ကြောင်း အောက်ဖေါ်ပြချက်အရ သိရှိနိုင်သည်။ လူဦးရေ (၁၀,၀၀၀) အထက်ရှိ တိုင်းရင်းသား လူမျိုး (၃၅)မျိုးမှာ-
(၁) ဗမာ ———————-> ၂၉ သန်း
(၂) ကရင် ———————-> ၂ သန်း ၆ သိန်း
(၃) ရှမ်း ———————-> ၂ သန်း ၃ သိန်း
(၄) ရခိုင် ———————-> ၁ သန်း ၇ သိန်း
(၅) မွန် ———————-> ၁ သန်းကျော်
(၆) ချင်း ———————> ၇ သိန်း ၈ သောင်း
(၇) ပအိုဝ်း ———————> ၆ သိန်း ၄ သောင်း
(၈) ကချင် ———————> ၃ သိန်း ၇ သောင်း
(၉) ပလောင် ———————> ၃ သိန်း ၃ သောင်း
(၁၀) ဓနု ———————> ၂ သိန်း ၄ သောင်း
(၁၁) လားဟူ ———————> ၁ သိန်း ၈ သောင်း
(၁၂) အင်းသား ———————> ၁ သိန်း ၄ သောင်း
(၁၃) လီဆူး ———————> ၁ သိန်း ၄ သောင်း
(၁၄) အခါ (ကော်၊ အီကော) ——-> ၁ သိန်းကျော်
(၁၅) ဝ (လွယ်လ) ——————> ၁ သိန်းကျော်
(၁၆) ကိုးကန့် ———————> ၈ သောင်း တစ်ထောင်ကျော်
(၁၇) နာဂ ———————> ၇ သောင်း ၇ထောင်ကျော်
(၁၈) ကယန်း (ပဒေါင်) ————–> ၇ သောင်း ၄ ထောင်ကျော်
(၁၉) ကယား ———————> ၇ သောင်းခန့်
(၂၀) ရဝမ် ———————> ၄ သောင်း ၄ ထောင်ကျော်
(၂၁) တောင်ရိုး ———————> ၄ သောင်း ၃ ထောင်ကျော်
(၂၂) မရို ———————> ၃ သောင်း ၆ ထောင်ကျော်
(၂၃) ခမွီး ———————> ၂ သောင်း ၅ ထောင်ကျော်
(၂၄) ဂဒူး (ကတူး) ——————> ၂ သောင်း ၃ ထောင်ကျော်
(၂၅) လော်ကော် (မရူ) —————> ၂ သောင်း ၁ ထောင်ကျော်
(၂၆) လူရိူင်း ———————> ၁ သောင်း ၅ ထောင်ကျော်
(၂၇) ဂုံ (ခွန်) ———————> ၁ သောင်း ၄ ထောင်ကျော်
(၂၈) ဒိုင်းနက် ———————> ၁ သောင်း ၄ ထောင်ကျော်
(၂၉) ကယော (ပရဲ့) —————-> ၁ သောင်း ၄ ထောင်ကျော်
(၃၀) ဂဏန်း (ကနန်း) ————–> ၁ သောင်း ၂ ထောင်ကျော်
(၃၁) ပိုး ———————> ၁ သောင်း ၁ ထောင်ကျော်
(၃၂) လရှီ (လာဖစ်) —————–> ၁ သောင်း ၁ ထောင်ကျော်
(၃၃) ကောဘား ———————> ၁ သောင်း ၁ ထောင်ကျော်
(၃၄) ယင်းဘော် ——————–> ၁ သောင်းကျော်
(၃၅) ယင်းနက် ———————> ၁ သောင်းကျော် စသည်တို့ ဖြစ်ကြသည်။ ထိုဖော်ပြချက်မှာ ၁၉၉၂-ခုနှစ် မတ်လ (၃၁)ရက် အထိရှိ စာရင်းဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး အခန်းကဏ္ဍတွင် မြန်မာလူမျိုး ပအိုဝ်း တိုင်းရင်းသား များ၏ လူဦးရေအရ သတ္တမအင်အားစု ဖြစ်သည်နှင့်အညီ အင်ပြည့်အားပြည့် ပါ၀င်တည်ဆောက် နိုင်ရေးသည် အရေးပါသော အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ရပ်တည်နေမည် ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံဖွား တိုင်းရင်းသား မျိုးနွယ်တစ်ရာ ကျော်တို့သည် ဤမြန်မာ မြေပေါ်တွင် နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ အတူတကွ ဆိုးတူကောင်းဖက် လက်တွဲနေထိုင် ဆောင်ရွက်ခဲ့သူများ ဖြစ်ပါသည်။ နိုင်ငံတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲရေး စသည့်တာ၀န်များကို သွေးချင်းညီနောင် များနှင့်အတူ ပအိုဝ်းတိုင်းရင်းသား များကလည်း မြန်မာနိုင်ငံသား ပီသစွာ ဦးထိပ်ပန်ဆင် ဆောင်ရွက် ကြမည်သာ ဖြစ်လေသည်။ တိုင်းရင်းသားတို့၏ အကြောင်းအရာတို့ကို သီးခြားဖော်ပြသော စာပေမှတ်တမ်း မှတ်ရာစာအုပ် များမှာ ရှားပါးလှပေသည်။ ထိုမှဤမှ ဖော်ပြထားသည့် ပအိုဝ်းဆိုင်ရာ အကြောင်းအချက် များကို ဟိုတစ်တို့ ဤတစ်တို့ နှိုက်နှိုက်ချွတ်ချွတ် ဖတ်မှတ်စုစည်း ယူရခြင်းဖြင့် ပအိုဝ်းသမိုင်း၏ လျှို့ဝှက်ဆန်းကြယ်မှု၊ လေးနက်ခိုင်မာမှုများကို အံ့သြဖွယ်ရာ တွေ့ရှိလာရသည်။ ပျူဖြစ်သော ပအိုဝ်းတိုင်းရင်းသား များသည် ယနေ့မြန်မာမြေပေါ်တွင် ရောက်ရှိနေထိုင် ခဲ့ကြသည်မှာ အစောဆုံးဖြစ်သည်။ မည်သည့် မြန်မာတိုင်းရင်းသားများသည် မည်သည့်ခေတ်နှစ်များက မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ၀င်ရောက်နေထိုင် ကြပါကြောင်း တိတိကျကျ ဖော်ပြသော မှတ်တမ်းမှတ်ရာများ မရှိသလောက် ရှားပါးပေသည်။ တစိမ့်စိမ့် ၀င်ရောက် နေထိုင်ခဲ့ကြ ပေမည်။ မြန်မာပြည်၏ ရှေးအကျဆုံးလူမျိုး ပျူတို့၏ သမိုင်းရာဇ၀င်တွင် ကာလဒေသ အားဖြင့် ကွဲပြားစွာ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း လေ့လာတွေ့ရှိ နိုင်သည်။
ပျူလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်း၌ ဗိဿနိုးမြို့တော်ကို အေဒီ(၁)ရာစုတွင် တည်ဆောက်ခဲ့ ကြသည်။ ထိုအချိန်တွင် ယဉ်ကျေးမှု အဆင့်လည်း မြင့်မားနေပြီ ဖြစ်သည်။ ပျူတို့သည် (၁)ရာစုတွင် မြို့ပြနိုင်ငံကို ထူထောင်နိုင်ကြသဖြင့် ထိုထက်စောသော ကာလကပင် မြန်မာမြေပေါ်သို့ ရောက်ရှိနေပြီဟု ပြောနိုင်သည်။ ပျူတို့ ၀င်ရောက် လာချိန်ကို ဘီစီ(၃)ရာစု ဟူ၍ ခန့်မှန်းနိုင်သည်။ ပျူလူမျိုးများသည် အိန္ဒိယနိုင်ငံ၊ အာသံနှင့် အရှေ့မြောက်အရပ် ဒေသများမှ မြန်မာနိုင်ငံ အတွင်းသို့ အစုစုခွဲ၍ ၀င်ရောက်ခဲ့ကြဟန် တူသည်။ ၄င်းတို့သည် ကဘော်မြေပြန့်နှင့် တောင်ကြား အရပ်ဒေသများသို့ လည်းကောင်း၊ ရှေးဦးစွာ ၀င်ရောက် နေထိုင်ခဲ့ ကြလေသည်။ ယခုခေတ် မုံရွှာနှင့် ရွှေဘိုခရိုင် အရပ်များ၊ ကသာခရိုင်တောင်ဘက် ဒေသများသည် ပျူလူမျိုးများ၏ ရှေးဟောင်းအခြေချ နေထိုင်ခြင်းပြုရာ နေရာထိုင်ခင်း ဟောင်းများ ဖြစ်နိုင်စရာ ရှိပေသည်။ ထိုအရပ်ဒေသများ ကမှတစ်ဆင့် ပခုက္ကူ၊ မင်းဘူးနှင့် ပြည်၊ မြင်းခြံ၊ မိတ္ထီလာ၊ မကွေး၊ ရမည်းသင်း နယ်များအထိ တိုးချဲ့ပျံ့နှံ့ကာ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ယုံကြည်ရကြောင်း (အခြေပြ မြန်မာ့နိုင်ငံရေး) သမိုင်း စာမျက်နှာ (၁၅၅)ကိုလည်း မှတ်သားရပါသည်။ ပျူလူမျိုးတို့၏ ဗဟိုဌာနကြီးများမှာ မြောက်ပိုင်းတွင် ဟန်လင်းနှင့် တောင်ပိုင်းတွင် သရေခေတ္တရာတို့ ဖြစ်ကြသော်လည်း အထက်မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ပင် ပျူတို့ ပျံ့နှံ့စွာ နေထိုင်ခဲ့ကြသည်။ ပုံဂံမြို့သည်ပင်လျှင် မဆွ၌ ပျူတို့၏ မြို့တော်ဖြစ်၍ နောင်မှသာ မြန်မာတို့က ပျူတို့ကို ဆက်ခံသိမ်းပိုက်ခဲ့သည်။ (မြ၀ဇီ၏ (ပျူစစ်သည်)စာမျက်နှာ၁၀) သရောခေတ္တရာပျူ၊ ဗိဿနိုးပျူများထက် ရှေးကျသော ဟန်လင်းပျူများ၏ ရာဇ၀င်မှာလည်း မြန်မာရာဇ၀င် ကဏ္ဍ၌ တစ်ခန်းရပ် တိမ်မြှုပ် ပျောက်ကွယ်နေခဲ့ ရရှာသည်။ အမှန်အားဖြင့် ဆိုလျှင် ဟန်ဟင်းပျူသည် မြန်မာလူမျိုးတို့ ဟူ၍မဖြစ်ပေါ်မီ နှစ်ပေါင်း(၅၀၀၀) ကတည်းက ပင်လျှင် မြန်မာပြည်တွင်းသို့ ပထမဆုံး ၀င်ရောက်လာသော လူမျိုးစုတစ်မျိုးဖြစ်၍ သု၀ဏ္ဏဘူမိ မွန်များနှင့် ဥက္ကလာပရာမည မွန်အမျိုးသားများထက် နှစ်(၄၀၀၀)ကျော်မျှ ရှေးကျလေသည်။
ဟန်လင်းကို ဗုဒ္ဓမပွင့်မီ နှစ်ပေါင်း ၂၀၀၀ (ဘီစီ ၂၅၀၀) လောက်တွင် ‘ကရဘော’ မည်သော ပျူလူမျိုးစုအကြီးအကဲက ဟန်လင်းမြို့ကို တည်ထောင်ပြီးလျှင် ‘ကရဘော’ ပျူမင်းဆက်ကို စတင်ခဲ့ကြောင်း ဟန်လင်းသမိုင်း၌ ဖော်ပြထားလေသည်။ ကရဘောမင်းဆက်မှာ မင်းဆက်ပေါင်း (၉၆) ဆက်၊ နှစ်ပေါင်း (၂၅၀၀) နီးပါးမျှ စိုးစံပြီးမှ ဂေါတမဘုရားခေတ်တွင် မဇ္စျိမဒေသမှ ရောက်လာသော ‘သတိုးဇမ္ဗူဒီပရာဇာမင်း’ က တိုက်ခိုက်ဖြိုဖျက်ပြီး တကောင်းမြို့ တည်ထောင်လိုက်မှ ဟန်လင်းပျူမင်းဆက် ပြတ်သွားကာ မှော်ဇာဒေသတစ်ဝိုက် ပျူများ ဆင်းသက်နေထိုင်ကြလေသည်။ တကောင်းခေတ်ပျက်မှ မှော်ဇာအရပ်မှ ပျူများ ‘သရေခေတ္တရာမြို့’နှင့် ‘ဗိဿနိုးမြို့’ ကို တည်ထောင်ကြကြောင်း အဆိုရှိ၏။ (မြဝဇီ၏ ‘ပျူစစ်သည်’စာမျက်နှာ ၄၉) ထိုအချက်အလက်များကို လေ့လာသုံးသပ် ကြည့်ပါက ပျူလူမျိုးများသည် ပြည်မှသည် အထက်မြန်မာပြည် တစ်ဝှမ်း၌သာ ဖြန့်ကျက် နေထိုင်ခဲ့ကြမည်ဟု ယူဆစရာဖြစ်နေပါသည်။ ပထဝီစာအုပ်ကြီးမှ ဖော်ပြသော မြို့ပျက်မြို့ဟောင်းစသည့် စကားလုံးအရ အောက်မြန်မာပြည် ဒေသများမှလည်း ပျူတို့၏ အခြေချ နေထိုင်ခဲ့ကြရာ ဒေသများပင် ဖြစ်ကြောင်း ထင်ရှားသော သက်သေသာဓကများ ရှိလေသည်။ ရှေးကျလှသော ဟန်လင်းပျူခေတ်ကပင်လျှင် ဟန်လင်းပျူတို့၏ နယ်ပယ်ဒေသများ၌ မြန်မာပြည် အောက်ပိုင်းဒေသများ ပါဝင်နေပေသည်။ ကရဘောမင်းဆက် (၅၁) ဆက်မြောက်မင်း လက်ထက်တွင် ပျူ (၁၂) ပြည်ထောင်မျှ ပေါ်ပေါက်လာပြီ ဖြစ်ကြောင်းတွေ့ရ၏။ ‘မွန်စောကိုက်’ ၏ သားတော် ‘ကိုက်သံရှင်’ မင်းကြီးတွင်မူ ပျူရာဇဝင် ထွန်းပြောင်စေမည့် ‘ရှင်ဆင်းမောက်’ အမည်ရှိ သမီးတော်တစ်ပါး ထွန်းကားလာ၍ ‘ရှင်ဆင်းမောက်’ဘုရင်မ နန်းတက်သောအခါတွင်မူ အကွဲကွဲ အပြားပြားဖြစ်နေသော ပျူ (၁၂) ပြည်ထောင် အမည်များတွင် မှော်ဇာနှင့် တနသာင်္ရီဒေသအမည်များ တွေ့ရ၏။ ပျူ (၁၂) ပြည်ထောင် အမည်များမှာ-(၁) ဟန်လင်းပြည် (၂) ငမန္တာပြည် (၃) အစီရီပြည် (၄) မှော်ဇာပြည် (၅) အေလောပြည် (၆) မောပြည် (၇) မိုးနဲပြည် (၈) ပန်းတောင်းပြည် (၉) ကျောက်ကရီးပြည် (၁၀) တိန်မဲပြည် (၁၁) ပိလင်းပြည် (၁၂) တနသာင်္ရီပြည်…… များဖြစ်ကြောင်း တွေ့ရ၏။ (မြဝဇီ၏ ‘ပျူစစ်သည်’စာမျက်နှာ ၄၉/၅၉) ထိုပျူ (၁၂) ပြည်ထောင်၏ အမည်ကို ဤသို့ လည်းလေ့လာမှတ်သားရပါသေးသည်။ မြန်မာ့ရှေးဟောင်းကျမ်းများတွင် ပျူ (၁၂) ပြည်ထောင်ဟု ပြဆိုခဲ့သည်။ ယင်းတို့မှာ -(၁) အေလိုပျူ (၂) ဟန်လင်းပျူ (၃) ကချင်ပျူ (၄) ချင်းပျူ (၅) အစီရီပျူ (၆) မြန်မာပျူ (၇) ကံဖိုးစပျူ (၈) ကိုင်းရယ်ပျူ (၉) ကလောက်ဂေးပျူ (၁၀) တိမ်မယ်ပျူ (၁၁) မှောဇာပျူ (၁၂) တနသာင်္ရီပျူ တို့ဖြစ်ကြသည်။
မြန်မာသမိုင်းသုတေသနပြုချက် အရ ပျူလူမျိုးတို့၏ ရှေးဟောင်း မြို့တော်များအဖြစ် သရေခေတ္တရာ၊ ဟန်လင်း၊ တကောင်း၊ ဗိဿနိုး၊ ကျိုက္ကသာ၊ ဝေါ၊ ဝတီး၊ ဘမ်း စသောမြို့များသည် ထင်ရှား၏။ (ညောင်ခါးရှည်မှိုင်းဝေ ‘တရုတ်ရှေးဟောင်း မှတ်တမ်းတွင် ဖော်ပြသောပျူနိုင်ငံ လင်ယန်မှ ရဟန္တာ အရှင်မြတ်’ အမှတ် (၉၈) ဇန်နဝါရီ ၂၀၀၄ ထုတ် လပြည့်ဝန်းမဂ္ဂဇင်း စာမျက်နှာ ၁၂၊ ၁၃၊ ၁၄) ပျူစောထီးမင်း လက်ထက်တွင် တရုတ်တို့ ထပ်မံလာရောက်၍ ဖျက်ဆီးသော်လည်း ပျူစောထီးမင်း၏ လုပ်ရည်ကြံရည်ကြောင့် တရုတ်တို့ ဆုတ်ခွာသွား ရသည်ဟုဆို၏။ အေဒီ (၈၀၀) ရာစုနှစ်တွင် ပျူလူမျိုးတို့က တရုတ်ပြည်ကြီးသို့ သံတမန်များ စေလွှတ်ကြောင်း တွေ့ရသဖြင့် ပျူဘုရင်သည် တရုတ်ပြည်၏ လက်အောက်ခံ မဟုတ်ဘဲ မဟာမိတ်နိုင်ငံအနေဖြင့် ဆက်ဆံကြောင်း ထင်ရှားသည်။
သာကီဝင် ပျူလူမျိုးများ ယနေ့ အိန္ဒိယနိုင်ငံ ရှေးက မဇ္စျိမတိုင်းဒေသကြီးတွင် အခြေချ နေထိုင်ခဲ့ကြသော အထောက်အထားများလည်း ရှိပေလိမ့်မည်။ သက္ကတိုင်း၊ သကျနယ်သည် သာကီဝင်တို့၏ ပိုင်နက်နယ်မြေ ဖြစ်ကြောင်း ထင်ရှားပြီးဖြစ်သည်။ ထိုခေတ်က မြန်မာတို့၏ နိုင်ငံတော် အကျယ်အဝန်းမှာ အနောက်ဘက်တွင် ဂင်္ဂါမြစ်၊ ဗြဟ္မပုတြမြစ်ဝှမ်းမှ အရှေ့ဘက်တွင် မဲခေါင်မြစ်ဝှမ်းအထိ ကျယ်ပြန့်သော ဒေသကြီးဖြစ်ပါသည်။ (‘ဗုဒ္ဓနှင့် မြန်မာလူမျိုး’ ဦးလှသိန်းထွဋ် (ဓမ္မာ စရိယ B.A) စာမျက်နှာ ၁၁) တော်စိတ်ခို၏ (၁၉၀၈) ခုနှစ်အစီရင်ခံစာ စာမျက်နှာ (၁၄) တွင် Mr. Fergyson (ဖာဂတ်ဆန်) ရေးသားသော ‘အိန္ဒိယနှင့် အရှေ့တိုင်းဗိသုကာ’ သမိုင်းကျမ်း စာမျက်နှာ (၄၁၆-၄၁၇) ၌ သက္ကရာဇ် အေဒီ (၃၂၇-၄၇၃) အတွင်းနှစ်ပေါင်း (၁၄၆) နှစ်တာမျှ အိန္ဒိယပြည် Orissa သြရိဿ ဒေသ၌ နေထိုင်သွားသော အမျိုးအနွယ်မသိလူတို့၏ ကျောက်စာများ၊ ကျောက်ရုပ်တုများ၊ အုတ်ခွက်ပုံများနှင့် အထိမ်းအမှတ် အဆောက်အဦးများသည် သရေခေတ္တရာ မြို့မှ Pir (or) Pyu ရှေးပျူတို့နှင့် တူညီမှု ဆက်စပ်ဖော်ထုတ် နိုင်လိမ့်မည်ဟု ယူဆကြောင်းရေးခဲ့သည်။ (‘အခြေပြ မြန်မာ့ နိုင်ငံရေးသမိုင်း’ စာမျက်နှာ ၁၅၉) ကမ္ဘာ့လူမျိုး အသီးသီးသည် ရေကြည်ရာ မြက်နုရာ ရှာဖွေနေထိုင်ခြင်း ရှိခဲ့ကြသည်။ အတည်တကျနေထိုင်ခြင်းဖြင့် မြို့ပြကျေးရွာများ ပေါ်ပေါက်လာကာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်း နယ်မြေနိုင်ငံများ ပေါ်ပေါက်လာခဲ့သည်။ အချို့ ထင်ရှားကျော်ကြားပြီး ခိုင်မာသော မြို့ပြနိုင်ငံများကို စွန့်ပယ်ထားရစ်ခဲ့ပြီး တိမ်မြှုပ် ပျောက်ကွယ်သွားကြရသည့် အဖြစ်အပျက် များလည်း မနဲလှပေ။ ဂရိ၊ တောင်အမေရိကတိုက်ရှိ ပီရူးပြည်နယ် အင်ကာမြို့ဟောင်းရာများ၏ မူလဖန်တီး တည်ဆောက် ခဲ့ကြသောလူမျိုးတို့သည် မထင်ရှား တော့ပေ။ မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့ပြ အဆောက်အဦးတို့၏ မူလပိုင်ရှင်တို့သည် အများယူဆသကဲ့သို့ လုံးဝ တိမ်မြှုပ်ပျောက်ကွယ် သွားခဲ့ပြီဆိုသော ယူဆချက်သည် မခိုင်လုံလှပေ။ မြေပြို၍ လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက်သည် ဆိုသောစကားသည် အဓိပ္ပါယ်လေးနက် ကျယ်ပြန့်လှ၏။ လွန်ခဲ့သော နှစ် (၈၀၀) ကျော် (၉၀၀) ခန့်က စာပေအရေးအသား အဆင့်အတန်းမြင့်စွာ ရေးထိုးစိုက်ထူခဲ့သော ဂူပြောက်ကြီး ခေါ် ရာဇကုမာရ် လေးဘာသာ၊ လေးမျက်နှာ ကျောက်စာထက်မှ ပျူဘာသာ စကားပိုင်ရှင်များ ထိုပျူဘာသာစကားပြော လူမျိုးများ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားသည် ဆိုသော အချက်မှာ ပေါ့တန်သောစကားဟု မှတ်ယူနိုင်ပါသည်။ စူးစမ်းသုသေသန ပြုမှုအားနည်းခြင်းနှင့် ဝန်တို မစ္ဆိရိယတရား ချယ်လှယ်ခြင်းခံရကာ ပျူလူမျိုးနှင့် ပျူအဆက်အနွယ် များအား ဥပေက္ခာပြု ဖျောက်ဖျက်ထားခြင်းကြောင့် ဖြစ်နိုင်ပေသည်။
မွန်ဂိုလွိုက်မျိူးနွယ်များ မောင်းဂွတ်ခေါ် မွန်ဂိုးလီးယားကုန်းပြင်မြင့်မှ ရေကြည်ရာမြက်နုရာ ရှာဖွေပြောင်းရွှေ့ခဲ့ကြရာတွင် ပအိုဝ်းဖြစ်လာမည့် ပျူတိုင်းရင်းသား လူမျိုးများသည် တောင်ဘက် ဒေသသို့ အစောဆုံး ထွက်ခွာခဲ့ကြသူများ ဖြစ်သဖြင့် တောင်ဘက် အရပ်မှာ နေထိုင်ကြသူ တောင်သူဟု နောက်ကျန်ရစ်ခဲ့သော နောက်မှ လိုက်လံပြောင်းရွှေ့လာသော မွန်ဂိုလွိုက်များက ရည်ညွှန်းခေါ်ဆိုရင်း ပျူကို တောင်သူပအိုဝ်းဟု တွင်မည့်လာခဲ့ခြင်းဖြစ်ပေသည်။ ပအိုဝ်းအမျိုးသားများသည် မွန်ဂိုလီးယား ကုန်းပြင်မြင့် ‘အူကရိုဒေသ’ မှ လမ်းကြောင်းသုံးခွဖြင့် မြန်မာ့မြေပေါ်သို့ ဝင်ရောက်လာခဲ့ကြသည်။ အရှေ့ဘက်ဆုံးမှ ဆင်းသက်ရာလမ်းကြောင်းမှာ မဲခေါင် မြစ်ကြောင်းအတိုင်း၊ အလယ်လမ်းကြောင်းမှာ သံလွင်မြစ်ကြောင်းအတိုင်း နှင့် ဧရာဝတီ မြစ်ကြောင်းအတိုင်းတို့ဖြစ်သည်။ ထိုလမ်းကြောင်းများအတိုင်း ဝင်ရောက်လာခဲ့ကြရာတွင် သံလွင်နှင့် ဧရာ၀တီကြား လာရှိုး တောင်စဉ် (Larsho Mountain Ring) တောင်ဘက်ဆုံး သီပေါအရှေ့တောင်ရှိ ‘ကောင်မင်ထွိုင်း’ တောင်ပေါ်တွင် ပျူမျိုးနွယ် ပအိုဝ်းတိုင်းရင်းသားများ အစဉ်အဆက် နေထိုင်လျက်ရှိကြောင်း သိရပါသည်။ ပျူ (သို့မဟုတ်) ပအိုဝ်းတိုင်းရင်းသားများသည် မွန်ဂိုလွိုက်မျိုးနွယ် တစ်မျိုးဖြစ်ပြီး ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရာ၌ တရုတ်ပြည် ကွေ့ချောင်နယ် တွင်လည်း အခြေချ နေထိုင်ခဲ့ဖူးသည်။ တရုတ်ဘုရင် ဂေါင်ချိန်က ညှဉ်းပန်းနှိပ်စက်လာသဖြင့် အုပ်စုသုံးစုဖြင့် မြန်မာပြည်တွင်းသို့ ရှေ့ရှုဝင်ရောက်လာခဲ့ကြသည်။ မဲခေါင်မြစ်အတိုင်း ဆင်းသက်သော အုပ်စုသည် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လောနှင့် ထိုင်းနိုင်ငံများတွင် အခြေချ နေထိုင်ရင်း နောက်မှ တစ်ချို့ တောင်ဘက်ဆီသို့ ထပ်မံပြောင်းရွှေ့သွားရင်း ယနေ့မြဝတီ နှင့် သထုံ သိကြသောဒေသသို့ ရောက်ရှိခဲ့ကြသည်။ တစ်ဖွဲ့မှာ ရွှေလီမြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ကြီးကျယ် ထင်ရှားသော တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ (မှော်ဇာ) မြို့ကြီးများကို ထူထောင်နိုင်ခဲ့ကြသည်။ ထို သရေခေတ္တရာမှလည်း သထုံနှင့် ဆက်သွယ်မိကြသည်။ ကျန်တစ်ဖွဲ့မှာ ယူနန်နယ်အတွင်း အခြေချနေထိုင်လျက်ရှိရာ တရုတ်နန်ချောင်တို့က ဝင်ရောက် သိမ်းပိုက်သဖြင့် ကြူကုတ်တောင်ကြားလမ်းမှ ယနေ့တောင်ပေါ်မြေဒေသသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ ကြရပြန်သည်။ ထိုနန်ချောင်များအား တရုတ်တို့က နှိပ်စက်တိုက်ခိုက်ပြန်သဖြင့် ပအိုဝ်းတို့ နေထိုင်ရာ တောင်ပေါ်ဒေသဆီသို့ နန်ချောင်ရှမ်းများ လိုက်ပါလာခဲ့ကြပြန်ရာ ပအိုဝ်းတစ်ချို့ တောင်ဘက်သထုံဒေသဆီသို့ ဆက်လက် ရွှေ့ပြောင်းသွားခဲ့ကြပြန်သည်။ ထို့ကြောင့် ကွေ့ချောင်နယ်မှ သုံးအုပ်စုကွဲကာ ဆုပ်ခွာလာခဲ့သော ပအိုဝ်းများသည် သံလွင်နှင့် စစ်တောင်းမြစ် ရှမ်းဒေသအကြားရှိ သထုံမြေတွင်ပြန်လည်ပေါင်းစည်းကာ သုဝဏ္ဏဘူမိသထုံပြည်ကြီးကို တိုးတက်စည်ပင်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ (တပေါင်းလက်ဆောင် အမှတ် (၂၁) ဗိုလ်;ခံ; (သု၀ဏ္ဏတိုင်း) ရေး စာမျက်နှာ (၈၆) ဘာသာပြန်) ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လော၊ ထိုင်း နိုင်ငံဘက်မှ ရွှေ့ပြောင်းလာရာ လမ်းကြောင်းတွင် လည်းကောင်း သံလွင်နှင့် ဧရာဝတီကြား တောင်စဉ်တောင်တန်းများ အကြား လမ်းကြောင်း များတွင် လည်းကောင်း၊ ပျူ (သို့မဟုတ်) ပအိုဝ်းတိုင်းရင်းသားများ ကျန်ရစ် နေထိုင်ကြသည်ကို မမေ့အပ်ပေ။
ဗိဿနိုး၊ သရေခေတ္တရာနှင့် သု၀ဏ္ဏသထုံမြို့ကြီးများ ပျက်စီးခဲ့ရသောအခါတွင် ပျူပအိုဝ်းတို့သည် စစ်ဘေးစစ်ဒဏ် အခိုက်အတန့် ကင်းဝေးရာ တောင်ပေါ်မြေ ဒေသများဆီသို့ပြေး၀င် ခိုလှုံခဲ့ကြမည်မှာ အမှန်မလွဲပါချေ။ တောင်ပေါ်မြေဒေသတွင် အခြေချ နေထိုင်ခဲ့ရင်းစွဲရှိ၍သာ မျိုးနွယ်တူများ စစ်ဘေးစစ်ဒဏ် သင့်လေတိုင်း လာရောက်ခိုအောင်းခွင့် ရနိုင်ကြခြင်းဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်တွင် သထုံကလေးဟု သမုတ်ခေါ်တွင်ပေးနိုင်ခဲ့ခြင်းမှာ သထုံကြီးခေါ် သု၀ဏ္ဏဘူမိတိုင်း၏ လက်အောက်ခံ နယ်မြေဖြစ်ခဲ့ခြင်း ကြောင့်ဖြစ်သည်။ တစ်ခြားသောသူတို့၏ နယ်မြေဖြစ်ပါက ပအိုဝ်းများအလွယ်တကူ အခြေချနိုင်ခဲ့ကြမည် မဟုတ်ပေ။ ခရစ်မပေါ်မီနှင့် ခရစ်ပေါ်ပြီး အေဒီ(၇)ရာစုအထိ ထိုဒေသများသည် ပျူတို့၏ ဒေသဖြစ်ကြောင်း အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသား မင်းတို့၏ ဗဟိုအာဏာစက်တည်ခဲ့ရာ မင်းနေပြည်တော်သည် သု၀ဏ္ဏဘူမိခေါ် သထုံဖြစ်သည်။ သထုံနှင့် တကောင်းဆက်ဆံရေး သမိုင်းသက်သေ၊ တကောင်းကို နန်ချောင်တို့ ၀င်တိုက်ခိုက် ဖျက်ဆီးသဖြင့် ပျက်စီးခဲ့ရသကဲ့သို့ သထုံသို့လည်း ဆင်းတိုက်သဖြင့် ထိခိုက်နစ်နာခဲ့ရသည်။ ပအိုဝ်းတို့၏ သု၀ဏ္ဏဘူမိသထုံ ပအိုဝ်းတိုင်းရင်းသားဟူသော အမည်နာမ စတင်ထင်ရှားလာသော ဘုံဌာနသည် သု၀ဏ္ဏဘူမိခေါ် သထုံဒေသဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားများကို ရှေးကတောင်သူလူမျိုးများဟု လူသိများခဲ့သည်။ ပအူ၊ ပအို၊ ပွာအို၊ ဘအု၊ ဖအို၊ ပအု၊ ပအို့ စသည်ဖြင့် အမျိုးမျိုး ရေးသားမှတ်တမ်း တင်ခဲ့ကြသည်။ သု၀ဏ္ဏဘူမိ၏ သမိုင်းဦးခေတ်သည် တောင်သူပအူလူမျိုးတို့၏ သမိုင်းဖြစ်သည်။ နှောင်းပိုင်းကာလသည် မွန်တို့ သြဇာလွှမ်းမိုးသောကာလ ဖြစ်ခဲ့သည်။ အေဒီ(၁၁)ရာစု အတွင်းတွင် လင်ဖွန်းမြို့သူ မြို့သားများက ကာလ၀မ်းရောဂါဆိုးကို ရှောင်တိမ်းရင်း သထုံဘက်သို့ ရောက်ခဲ့သည်ဟုဆို၏။ ထိုအချိန်တွင် သထုံကို ပုဂံမင်းများ အုပ်စိုးနေချိန်ဖြစ်ပြီး အဆင်ပြေမှုမရှိ၍ ဟံသာ၀တီပဲခူးဘက်သို့ ဆက်လက်သွားရာ စကားချင်းတူညီသော လူမျိုးချင်းဖြစ်သဖြင့် ၎င်းတို့အား ပဲခူးမှ မွန်များက ကောင်းစွာကြိုဆိုဧည့်ခံ၍ နေရာပေးသည်ဆိုကြောင်း မှတ်တမ်းတစ်စောင်တွင် လောနှင့်လင်ဖွန်း စစ်ရေးဆိုရာ၌ လင်ဖွန်းမှလူများကို ရာမညတိုင်းရင်းသားဟု သုံးနှုန်းကြောင်းဟု ဖော်ပြသေးသည်။ ထိုကာလ၌ သု၀ဏ္ဏဘူမိတွင် အုပ်စိုးသောမင်းမှာ မွန်လူမျိုးသက်သက် မဟုတ်မူဘဲ ပအိုဝ်းမွန်ကပြားဖြစ်သော အရမညရာဇာမင်းနှင့် မနုဟာမင်း လက်ထက်များ ဖြစ်ပေလိမ့်မည်။ ဥဿပဲခူးတွင် အားသာနေပြီးသော မွန်မင်းသည် ပဒေသရာဇ်ခေတ်စံနစ်၏ အစဉ်အလာအရ ဘုန်းတန်ခိုးကြီးမားနေသော ပုဂံပြည့်ရှင် အနော်ရထာမင်းထံ မွန်မင်းသမီးတော်အငယ် ခင်ဦးခေါ် မဏိစန္ဒာကို ဆက်သကာ ပုဂံနှင့်ဥဿာ ရွှေလမ်းငွေလမ်းခင်းခဲ့သည့် ကိစ္စမှာ ထင်ရှားပြီးဖြစ်သည်။ ထိုအခြေအနေမတိုင်မီ သထုံမနုဟာမင်းထံ ခင်ဦး၏အမတော် သီရိမာအား ဆက်သကာ ရွှေလမ်းငွေလမ်း ဖေါက်ထားပြီးဖြစ်သော်လည်း မွန်ပအိုဝ်း တိုင်းရင်းသားအရေးကိစ္စ မရှင်းမလင်း ဖြစ်နေသောကြောင့် လင်ဖွန်းမှ ရောက်လာသော မွန်များသည် သထုံ၌ အင်နှင့်အားနှင့် ၀င်ရောက်နေထိုင်ရန် အဆင်မပြေသောကြောင့် ပုဂံအင်အားကို ကျောထောက်နောက်ခံ ပြုထားသော ဥဿာပဲခူးမင်းထံ သွားရောက်ပူးပေါင်းခြင်းသာ ဖြစ်လေသည်။ ဥဿာပဲခူးကို ဟံသာ၀တီဟု လူသိများသည်။ ဟံသာ၀တီဟု လူသိများလာသည်မှာ ဗညားဦးမင်း နန်းတက်သော ၁၄-ရာစုလောက်မှသာ ဖြစ်သည်။ ပုဂံနှင့် ခေတ်ပြိုင်ကာလကမူ ဟံသာ၀တီ တည်ထောင်ခဲ့သော နေရာတွင် ဥဿာပဲခူးဟုတွင်ခဲ့သော မွန်နိုင်ငံထွန်းကားခဲ့သည်။ ထိုဥဿာပဲခူးမင်းသည် မွန်ခမာနယ်များထက်ပို၍ ပုဂံနှင့် သွေးစည်းရန် အားသန်သောကြောင့် ယခု ကမ္ဘောဒီးယား ဟုခေါ်သောနယ်မှ လာရောက်တိုက်ခိုက်သည့် ဂျွမ်းစစ်သည်တို့ကို နှိမ်နင်းပေးပါရန် ပုဂံသို့ စစ်ကူတောင်းခဲ့လေသည်။ ထိုဂျွမ်းစစ်သည်များကို သထုံသားတို့ တွန်းလှန်ပစ်နိုင်ခဲ့သော အကြောင်းကြောင့်လည်း ပုဂံသို့ ချဉ်းကပ်မူ အားပိုသာသွားရခြင်း ဖြစ်လေသည်။
အနော်ရထာမင်းမြတ် သထုံပြည်ကြီးကို တိုက်ရသည့် အဓိကအကြောင်းရင်းမှာ ပိဋကတ်သုံးပုံရလိုမှုဟု အသိများကြသည်။ ထိုတိုက်ပွဲအတွက် သရေခေတ္တရာသည် ပုဂံတပ်မတော်၏ အောက်ပြည်အောက်ရွာချီ ခရီးတွင် အတားအဆီး အခုအခံ ဖြစ်နေသည်မှာကြာပြီဖြစ်သည်။ ထို့ကြောင့် အနော်ရထာမင်းတရားသည် နန်းတတ်စ အချိန်ကပင် သရေခေတ္တရာသို့ ပုဂံတပ်များစေလွှတ်၍ သိမ်းသွင်းထားခဲ့သည်။ ပျူမင်းကို ထိန်းသိမ်းထားပြီး ပုန်ကန်တော်လှန်မည့် အခြေအနေ မဖြစ်ပေါ်စေရန် အောက်ခြေမှစ၍ ဖြိုချထားခဲ့သည်။ ထို့နောက် ပုဂံတပ်မတော်သည် သရေခေတ္တရာ၏ အရှေ့တောင်ဘက် (ယခုခေတ်မိုင် ၁၇၀ခန့်) တွင်ရှိသော ကြပင်း (က္လပင်း)သို့ ဆက်၍ချီသည်။ ကြပင်းဆိုသည်မှာ ယနေ့ တွံတေးမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာ ကန်ပဲ့ရွာအနီးမှာရှိသည်။ မြို့ရိုးမြို့တာနှင့် အခိုင်အခန့် ရှိခဲ့သော ရှေးခေတ်ဟောင်း မြို့တစ်မြို့ဖြစ်သည်။ ကြပင်းဆိုသည်မှာ သရေခေတ္တရာပျက်စဉ် ပျူအုပ်စုသုံးစုကွဲရာ တစ်အုပ်စုခို၀င်ခဲ့သောအရပ် ဖြစ်သည်။ ကြပင်း(က္လပင်း)မှာ ဒလဟူသောစကားနှင့် အဓိပ္ပါယ်တူသည့် ပျူဝေါဟာရစကားဖြစ်သည်။ အောက်အရပ်ဒေသဟု ဆိုလိုသည်။ သထုံမှ တောင်သူလူမျိုးတို့၏ အခြေခံအင်အားစုများကို ကြိုတင်ဖြိုခွင်းသော အနော်ရထာမင်း၏ တိုက်ခိုက်မှု စွမ်းရည်ပြည့်ဝသော လုပ်ရပ်ဖြစ်လေသည်။ သထုံပျက်လေပြီ။ အနော်ရထာမင်းမြတ်သည် ပိဋကတ်တော်အစုံ(၃၀)ကို ဆင်ဖြူ (၃၂)စီးတွင်တင်၍ နေပြည်တော်ပုဂံသို့ ပင့်လေသည်။ ထို့ပြင် ပိဋကတ်တတ်သော သူတော်စင်အရိယာ တစ်ထောင် တို့ကိုပါပင့်ခဲ့သည်ဟု သမိုင်းကဆို၏။ ဤစစ်ပွဲတွင် မှတ်သားဖွယ်တစ်ချက်မှာ ပါဠိဘာသာကျမ်းစာများကိုသာ ယူဆောင်၍ ကျန်မွန်ဘာသာကျမ်းများကို မီးရှို့ခဲ့သည်ဟုဆိုသော အချက်ပင်ဖြစ်ပေသည်။ HTIN AUNG Dr Burmese Drama (Oxford: OUP 1956) Px1 ထိုဖြစ်စဉ်များကို လေ့လာသုံးသပ်ပါက အနော်ရထာ နန်းတတ်စကပင် သိမ်းသွင်းခဲ့သော သရေခေတ္တရာမှာ အရည်းကြီး ရဟန်းတို့ လှည့်ဖျားသော ကိစ္စကို ဖြေရှင်းရင်း တိုက်ခိုက်သိမ်းပိုက် ထားခဲ့သည်။ သခွက်ပင်ကြီး၏ အခေါင်းအတွင်း၌ “အရည်းကြီးသာသနာကျင့်စဉ်” ရေးသားထားသော ပေစာချပ်များ ကြိုတင်ထည့်သွင်းကာ အနော်ရထာအား လိမ်လည်သောအမှုဖြစ်သည်။ ထိုကျမ်းစာများမှာ ပျူဘာသာဖြင့် ရေးသားထားခြင်း ဖြစ်ပေလိမ့်မည်။ သထုံမှရသော ပိဋကတ်သုံးပုံမှာလည်း သီဟိုဠ်မှ အရှင်ဗုဒ္ဓဃောသ ရေးကူးခဲ့သော မာဂဓဘာသာကျမ်းများ ပါ၀င်ပေလိမ့်မည်။ ထိုမာဂဓဘာသာကျမ်းများမှာ သထုံဒေသရှိ ပအိုဝ်းဖြစ်လာသည့် ပျူစာပေဖြင့် ရေးကူးလာခဲ့သော ကျမ်းများ ဖြစ်ပေမည်။ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် သန့်စင်နိုင်ရေးအတွက် အရည်းကြီးကျမ်းလာ အရေးအသား အသုံးအနှုံးများနှင့် မရောစိမ့်သောဌါ ဗုဒ္ဓကျမ်းစာများကို သန့်စင်သစ်လွင်သော သီးခြားအရေးအသား အသုံးပြုနိုင်မည့် ဘာသာအသစ်တစ်ရပ်ကို အစားထိုး အသုံးပြုနိုင်ရန် ကြံစည်ဆောင်ရွက်ခဲ့ရမည် မလွှဲပေ။ ထို့ကြောင့်ပျူစာကို မျက်နှာလွှဲတော်မူပြီး သထုံရှိ ပအူပျူတို့နှင့် အနေကြိုနီးစပ်ခဲ့သော မွန်တို့၏ ပျူဘာသာ ပိဋကတ်တော်တို့ကို အဓိကထားခဲ့ပေလိမ့်မည်။ ထို့ကြောင့် အနော်ရထာစောလက်ထက်သည် အသွင်ကူးပြောင်းရေး ကာလဖြစ်သဖြင့် အင်နှင့်အားနှင့် ထုနှင့်ထည်နှင့် စာပေထွန်းကားသည်ဟု မဆိုသာပေ။ ကျန်စစ်သားမင်းလက်ထက်တွင် ရာဇကုမာရ၏ လေးဘာသာကျောက်စာကြောင့် မြန်မာစာ စတင်ထင်ရှားလာသော အထောက်အထားကို တွေ့ ရှိရသည်။
ရာဇကုမာရ၏ ဂူပြောက်ကြီး (မြစေတီ)ကျောက်စာတွင် ပျူဘာသာကို နေရာပေးဝံ့ခြင်းမှာ ရာဇကုမာရကိုယ်တိုင် ပျူသွေးမကင်း သောကြောင့်ဖြစ်သည်။ သူ့မိခင် သမထီးတူမ သမ္ဘူလမှာ ပအိုဝ်းတိုင်းရင်းသားတို့ အဆိုအရ လွယ်လုံ(ပင်လောင်း)သူ ဖြစ်ကြောင်း သိရသည်။ မွန်စာကို အဓိကထား နေရာပေးလေ့ရှိသော ခမည်းတော် ကျန်စစ်သားမင်းကြီး နတ်ရွာစံခါနီးအချိန်တွင် မယ်တော်သမ္ဘူလထံမှ ရရှိသော အမွေပစ္စည်းများကို ထုခွဲကာ ခမည်းတော် ကုသိုလ်ပွားစိမ့်သောငှါ ရွှေဆင်းထုတော်တစ်ဆူ ရေစက်သွန်းချ လှူဒါန်းပေးပြီး ဘုရားစေတီတည် ကိုးကွယ်ခဲ့လေသည်။ ထိုစေတီ၌ ပျူစာတစ်ဘက် ပါ၀င်သော လေးဘာသာ လေးမျက်နှာ ကျောက်စာတိုင်များကို စိုက်ထူခဲ့လေသည်။ ပျူစာအရေးအသားမှာ ထိုကျောက်စာသည် နောက်ဆုံးဖြစ်သော အရေးအသားအဖြစ် အထောက်အထား ပြုကြသည်။ သထုံသည် တောင်သူပအူမင်းတို့ စိုးစံကြောင်း သိကြသော်လည်း ပျူလူမျိုးများသာဖြစ်ကြောင်း အထင်အရှားမပြဆိုခဲ့ကြပေ။ ပျူနိုင်ငံ၊ ပျူတိုင်းပြည်ဖြစ်သော သရေခေတ္တရာမှာ သု၀ဏ္ဏဘူမိသထုံမှ သွားရောက်တည်ထောင်ခဲ့သော အဆိုရှိသည်။ ကျန်စစ်သားမင်း၏ ကျောက်စာအလိုအရ သရေခေတ္တရာမြို့ကို ပထမတည်ထောင်သူမှာ ဗိဿနိုးရသေ့ကြီး ဖြစ်သည်။ တည်ထောင်သောနှစ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူသောနှစ် သာသနာနှစ်(၁) ဖြစ်၏။ သာသနာနှစ်(၁၀၁)တွင် တည်သည်ဟုလည်း ယူဆချက်ကွဲလွဲမှု ရှိသည်။ သရေခေတ္တရာပျက်ခြင်း၌ ပျူနှင့် ကမ်းယံစစ်ဖြစ်၏။ စစ်ရှူံးသောကမ်းယံတို့ပြေးပြီးသော် ပျူတို့ အချင်းချင်း စစ်ဖြစ်ကြပြန်၍ သုံးစုကွဲပြန်၏။ တစ်စုကို ကြပင်း(က္လပင်း) သူတို့ယူလေ၏။ တစ်စုကို သက်တို့ယူလေ၏။ တစ်စုကား တောင်ညိုဟူသော အရပ်တည်ထောင်၍ နေလေ၏။ (၃)နှစ်ရှိသောအခါ မွန်တို့က တိုက်ပြန်လေသောကြောင့် ပျက်ချေ၏။ ထိုမှ ပန်းတောင်း သက်သာအရပ်ကို တည်ထောင်နေပြန်လေ၏။ (၆)နှစ်ရှိလျှင် ကမ်းယံတို့က တိုက်ပြန်လေ၍ ပျက်ပြန်ချေ၏။ ထိုကမှ မင်းတုန်းမြို့ကိုနေပြန်လေ၏။ မင်းတုန်းတွင် ရခိုင်တို့က တိုက်ပြန်၍ ပျက်ပြန်ချေ၏။ (၃)နှစ်နေမှ သက္ကရာဇ် ဆပဉ္စကိန်း၀င် (၂၉)နှစ်ဆယ့်ကိုးခုတွင် အရိမဒ္ဒနာမည်သော၊ ပြည်ကို သမုဒ္ဒရာဇ်မင်း တည်ထောင်စပြု၏။ (ဦးကုလား “မဟာရာဇ၀င်ကြီး” ပထမအုပ် မြန်မာသုတေသနအသင်း ၁၉၆၀ စာ ၁၃၄) ထိုမှ လျင်မြန်သန်မာသော ပျူခေါ်ရာမှ မြန်မာဖြစ်လာသည် ဆို၏။ သက္ကရာဇ်မင်းသည် သုပညာနဂရဆိန္န၏ တူဖြစ်သည်။ ပျဉ်းမနား၏ အနောက်မြောက်ဘက်ရှိ ရိုးမတောင် အရှေ့ဘက်ရေလဲတွင် တောင်ညိုမြို့ကို တည်ရာသုံးနှစ်အကြာတွင် မွန်တို့ တိုက်သည့်အတွက် ပန်းတောင်းသက်သာ ရွှေ့ခဲ့၏။ ခြောက်နှစ်အကြာတွင် ကမ်းယံတို့ တိုက်လာသဖြင့် မင်းတုန်းသို့ ပြောင်းရသည်။ တစ်ဖန် သုံးနှစ်အကြာတွင် ဓည၀တီက တိုက်သောကြောင့် ပုဂံဘက်သို့ ရောက်လာ၏။ ထိုမှ သက္ကရာဇ် ၄၁၉-ခုနစ်တွင် နန်းတက်လာသော အနော်ရထာမင်းသည် သထုံသို့ စစ်ချီရင်း သရေခေတ္တရာကို ကြိုတင်တိုက်ခိုက် ဖျက်ဆီးထားနှင့်သည်။ (အထက်၌ တင်ပြခဲ့ပြီးဖြစ်သည်။) သထုံ၏ လက်အောက်ခံ အခြေခံအင်အားဖြစ်သည့် ကြပင်း(က္လပင်း)ကိုလည်း ကြိုသိမ်းခဲ့ပြီးဖြစ်ရာ သထုံအင်အား လျော့ပါးခဲ့ပြီမှာ သေချာလေသည်။ ထို့ကြောင့် သထုံပြည်၏ ထာ၀ရသား ပအိုဝ်းတိုင်းရင်းသားတစ်ချို့သည် ခေါင်းဆောင်မဲ့လျက် အအုပ်အစီးကိုးဖွဲ့ဖြင့် သထုံဒေသမှ တိမ်းရှောင်သွားခဲ့ကြသည်။ သထုံဘုရင်မနုဟာ (မကုဋ = မနုဟဝ်)၊ မိဖုရားခေါင်ကြီး နင်ဂလာဒေဝီ (နန်းမင်္ဂလာဒေဝီ)နှင့် အနုပညာရှင်များ၊ ရဟန်းသံဃာတော်များတို့သည် ဆင်ဖြူတော် (၃၂)စီးတွင် အစုံ(၃၀)သော ပိဋကတ်တော်များနှင့်အတူ ပုဂံသို့ ဆောင်ယူခြင်းခံခဲ့ရလေသည်။
စာသားအားလုံးကို ပအိုဝ်းသမိုင်းယဉ်ကျေးမှုဖေစ်ဘုတ်စာမျက်နှာ
အပိုင်း ၁မှ အပိုင်း၁၀အထိ ပြန်လည်မျှဝေပေးပါသည်။
ပအိုဝ်းတို့ရဲ့ကောင်းဖေစ်ဘုတ်စာမျက်နှာမှာလည်း အသေးစိပ်ဖတ်ရှုလေ့လာနိုင်
ပါသည်..။ သမိုင်းအစကိုအခြေခံပြီး သထုံရောက်သည်အထိ ဖော်ပြရုံမျှသာ။
ကိုယ့်သမိုင်းအစက ဘယ်ကနေလာတယ်ဆိုတာသိဖို့အလွန်အရေးကြီးပါသည်..။
သမိုင်းအစအဖျောက်ခံရလျှင် သမိုင်းမရှိတဲ့လူမျိုးဖြစ်သွားနိုင်သည်..။
အသေးစိပ်နိုင်းယှဉ်ပြီးလေလ့ာဖတ်ရှုလိုသော်
ပအိုဝ်းသမိုင်း ယဉ်ကျေးမှုအနုပညာဖေစ်ဘုတ်စာမျက်နှာ
#PaOKham
Cridit ပအိုဝ်းသမိုင်း ယဉ်ကျေးမှုအနုပညာ
> > > https://paokhamtan.blogspot.com/ << <
Comments
Post a Comment