ပအိုဝ်းတိုင်းရင်းသားတို့၏ အလံအကြာင်း

အလံဟူသည်


       အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့ကြသည်မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တခုခုကိုသော်လည်းကောင်း၊ အကျိုးပြုသော ဦးတည်ချက်တစ်ခုခုကိုလည်းကောင်း အခြေခံကြသည်သာဖြစ်သည်။ ရင့်ကျက်နက်နဲသော အဓိပ္ပါယ်ကိုဆောင်သည့် အမှတ်အသားတစ်ခုပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အလံသည်ရည်ရွယ်ချက်တစ်ခုခု(သို့မဟုတ်) အကြောင်းကိစ္စတစ်ခုခုအတွက် အမှတ်အသား(သို့မဟုတ်) အထိမ်းအမှတ်အဖြစ်အသုံးပြုသော ရောင်စုံခြယ်ပိတ်စမျိုး ဖြစ်သည်။ 
အလံဟူသောစကားလုံးမှာ လေထဲ၌ လှုပ်ရှားနေသည့်အရာဟူ၍လည်းကောင်း၊ မြန်မာအဘိဓာန်ကျမ်းတွင် အလံသည် အရောင်ပုံစံအမျိုးမျိုးရှိ၍ တိုင်၊ တုတ်တံများတွင် တပ်၍လွင့်ထူရသောအဝတ်(သို့မဟုတ်) စက္ကူဖြင့် ပြုလုပ်ထားသည့် အရာဟူ၍လည်းကောင်းအဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အမျိုးသားအလံ(သို့မဟုတ်)နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံမှာ လူမျိုးတစ်မျိုးအတွက် အမှတ်အသားကြီးတစ်ခု ဖြစ်သည်။ယခုခေတ်နိုင်ငံတိုင်း၌ရှိသော အမျိုးသားအလံ(သို့မဟုတ်) နိုင်ငံအသီးသီးသည်မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိမာန်ပြင်းတန်တက်ကြွစေရန်အလို့ငှာ မိမိတို့တိုင်းပြည်နှင့် သက်ဆိုင်ဆီလျော်စွာ သတ်မှတ်ပြဠာန်းထားသည့်အလံများဖြစ်ကြသည်။

        နိုင်ငံတော်အလံသည် သက်ဆိုင်ရာနိုင်ငံ၊နိုင်ငံသူ နိုင်ငံသား၊နိုင်ငံအစိုးရနှင့် ထိုအစိုးရ၏ ရည်မှန်းချက်များကို ကိုယ်စားပြုသည်။ နိုင်ငံသူနိုင်ငံသား အများအပြားကမိမိတို့နှင့်သက်ဆိုင်ရာ နိုင်ငံတော်အလံ၏ ဂုဏ်အသရေ မညှိုးရလေအောင် ကာကွယ်စောင့်ရှောက်ရင်းအသက်စွန်ခဲ့ကြပြီးဖြစ်သည်။ မိမိတို့ နိုင်ငံတော်၏အလံကိုဂုဏ်ပြုရန်၊ လေးစားကြရန်မှာ နိုင်ငံသားတိုင်း၏ အရေးသောတာဝန်ရပ်ဖြစ်သည်။အမျိုးသားအလံ၊နိုင်ငံတော်အလံသာမက စစ်တပ်၏အမှတ်အသား တက္ကသိုလ်ကျောင်းများ၏အမှတ်အသား၊ဘုရင်များ၏ အမှတ်အသား၊အယူဝါဒဆိုင်ရာ အမှတ်အသား၊အသင်း အဖွဲ့များဆိုင်ရာ အမှတ်အသား၊အချက်ပြရန် အမှတ်အသားဆိုင်ရာ အလံများစွာရှိကြသည်။ အလံကို တစ်ဦးချင်း၊တစ်ယောက်ချင်း၊အများစုပေါင်း၍ ဦးတည်ချက်၊ရည်မှန်းချက်၊ အောင်မြင်မူကို အခြေခံ၍အသွင်သဏ္ဍာန်ပုံစံအမျိုးမျိုး ဖော်ဆောင်လေ့ရှိကြသည်။ ထို့ကြောင့်အလံများတွင်ပါရှိသော အမှတ်အသားများသည် သက်ဆိုင်ရာအဖွဲ့အစည်း၏ လေးနက်သောသရုပ်ဖော်ချက်များပင် ဖြစ်သည်။ နိုင်ငံသားတိုင်း မိမိနိုင်ငံ၊မိမိလူမျိုး၏အလံတော်ကို တွေ့မြင်ရတိုင်းအားမာန်တက်ကြွ၍ နိုင်ငံချစ်စိတ်၊ဇာတိမာန်စိတ်ဓါတ်များ နိုးကြားတက်ကြွလာကြသည်။

                                                     အလံများ၏သမိုင်း

            လူ့ယဉ်ကျေးမူများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာအလံသဘောဆောင်သော အမှတ်အသားအဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့်သင့်လျော်သည့် ကျေးငှက်တိရစ္ဆာန်တို့၏ရုပ်တု စသောအရာဝတ္တုများကို အသုံးပြုခဲ့ကြသည်။ နောင်တွင်အလံကို ပုံပန်းသဏ္ဍာန် အရွယ်အစားအမျိုးမျိုး၊အခေါ်အဝေါ်အသုံးအနှုန်း အဆင့်ဆင့်ပြောင်းလျက်သုံးစွဲလာခဲ့ကြသည်။
တံခွန်၊ ကုက္ကား၊ မုလေးပွား၊ကြက်လျှာစသည်တို့သည်အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ကုက္ကား၊မုလေးပွား၊ ကြက်လျှာများသည် ဂေါတမမြတ်စွားဘုရားလက်ထက်ကပင် စတင်အသုံးပြုခဲ့ကြသည်။ တံခွန်၊ကြက်လျှာတို့ကို အခြေပြုမြစ်ဖျားခံ၍ တစ်စတစ်စဖြင့်မျက်မှောက်ခေတ်အလံများကိုကျယ်ပြန့်စွာ သုံးစွဲလာခဲ့ကြသည်။

            ခရစ်မပေါ်မီ အနှစ်(၉၀၀)ခန့်က အာဆီးရီးယားနိုင်ငံ၌ တံခွန်များ စစ်အလံများသုံးစွဲခဲ့ကြပုံကို ထိုခေတ်ကထုလုပ်သော ကျောက်ရုပ်များအိုးခွက်များပေါ်၌ တွေ့မြင်ခဲ့ရသည်။ အလံကို အဝတ်စဖြင့် ချုပ်လုပ်အသုံးပြုခြင်းကိုရောမတို့ စတင်တီထွင်ခဲ့ကြသည်။ ဥရောပတု်ိက်နိုင်ငံများ၌ အလံလွှင့်ထူသည့်အလေ့အထကို ဆာရာဆင်လူမျိုးများမှ စတင်ပျံ့နှံသွားခဲ့သည်ဟုဆိုသည်။ ခရစ်တော်မပေါ်မီ အနှစ်(၃၀၀)ခန့်က ရောမဧကရပ်ဇ်များသုံးသောအလံတော်သည် ယခုခေတ် အလံတော်များနှင့်နီးစပ်တူညီသည်ဟု ဆိုနိုင်သည်။ အရှေ့တိုင်းတွင် အလံကိုရှေးအကျဆုံး အသုံးပြုခဲ့သောနိုင်ငံမှာ တရုတ်နိုင်ငံ
နှင့်အိန္ဒိယနိုင်ငံတို့ပင်ဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တံခွန်များ၊အလံများ ကိုင်ဆောင်သုံးစွဲသည့် အလေ့အထသည်။မြန်မာ၊ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ပျံ့နှံ့ရောက်ရှိသွားသည်။

            မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့်စပ်လျဉ်း၍ အထောက်အထားများမတွေ့ရှ်ိခဲ့ရသောလည်း သမိုင်းအလယ်ခေတ် သက္ကရာဇ်(၈၄၂)မှ (၈၄၃)ခုနှစ်အထိ စိုးစံခဲ့သော ဒုတိယမင်းခေါင်းလက်ထက်တော်အခါ၌ စတင်တွေ့ရှိရသည်။ ကုန်းဘောင်ခေတ်မြန်မာမင်းများလက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော(သို့မဟုတ်)နိုင်ငံတော်ကိုကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကိ သတ်မှတ်ထားရှိကြောင်း တွေ့ရှိရသည်။မင်းတုန်းမင်းတရားကြီးလက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံအဖြစ် အသုံးပြုခဲ့ကြောင်းတွေ့ရှိရသည်။ ကုန်းဘောင်မင်းဆက်နောက်ဆုံးတိုင်အောင်ဒေါင်းအလံကိုမြန်မာအမျိုးသားအလံအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော်အလံအဖြစ်လည်းကောင်း  သတ်မှတ်ခဲ့ကြောင်း ပေါ်လွင်သည်။ ၁၉၃၀-ပြည့်နှစ်၊ဆရာစံလယ်သမားအရေးတော်ပုံအလံတွင် ကြက်လျှာစွန်းအလံ၊ဖြေူရောင်တွင်နဂါးကိုဂဠုန်သုတ်ဟန်ရေးဆွဲ၍ အသုံးပြုခဲ့သည်။

            ၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့၌ကျင်းပပြုလုပ်သော တို့ဗမာအစည်းအရုံး တတိယညီလာခံအစည်းဝေးတွင်သုံးရောင်ခြယ် အလံ၏အလယ်၌ဒေါင်းရုပ်အလံ အလုပ်သမားနှင့်တောင်သူလယ်သမားလူတန်းစားကိုအခြေခံသော တံစဉ်အမှတ်အသားကိုပြောင်းလဲသတ်မှတ် အသုံးပြုခဲ့ကြောင်း သိရသည်။ ၁၉၃၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မြန်မာနိုင်ငံကိုလိုနီဥပဒေပြုလုပ်လွတ်တော်တွင် အင်္ဂလိပ်ဘုရင်မင်းမြတ်၏သဘောတူညီချက်အရ မြန်မာနိုင်ငံအတွက် မြန်မာဘုရင်ခံက သတ်မှတ်ပေးခဲ့သည့် အလံ၏အရောင်မှာ အပြာရောင်ဖြစ်ပြီး၊အပြာရောင်၏အဖျား၌ စက်ဝိုင်းအတွင်းဆေးရောင်ခြယ်ထားသောဒေါင်းရုပ်ကို ထည့်ပေးထားသည်။ တိုင်ရင်းဘက်အထက်ထောင့်တွင် ဗြိတိသျှယူနီယံဂျက်အလံအမှတ်အသားပါရှိသောအလံကိုသတ်မှတ်ပေးခဲ့သည်။

            ဂျပန်ခေတ် ဘီအိုင်အေအလံ၌အလယ်စက်ဝိုင်းအဖြူတွင်းက ဒေါင်းသဏ္ဍာန်ပါ အဝါ၊အစိမ်း၊အနီသုံးရောင်ခြယ်အလံကို အမျိုးသားအလံအဖြစ် အသုံးပြုခဲ့ကြသည်။ ၁၉၄၂-ခုနှစ်၊ဘီဒီအေအလံကိုလည်း အဆိုပါအလံကိုပင် အနည်းငယ်ပြောင်းလဲ၍ ဆက်အသုံးပြုခဲ့သည်။ ၁၉၄၅-ခုနှစ်၊မတ်လ(၂၇) ရက်  ဂျပန်တော်လှန်ရေးတွင် အလံတော်ကို အနီရောင် အောက်ခံထား၍ တိုင်ရင်းဘက်တွင်ကြယ်ဖြူတစ်ပွင့်ပါရှိသော အလံတော်ကို အသုံးပြုခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီးအသစ်ပြန်လည်ဖွဲ့စည်းသော(ဖဆပလ)အဖွဲ့၏အလံကိုလည်းတော်လှန်ရေးတွင် အောင်ပွဲရခဲ့သောအလံတော်ကိုပင် ဆက်လက်၍အသုံးပြုခဲ့ကြသည်။ ၁၉၄၇-ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံတော်တိုင်းပြုပြည်ပြုလွတ်တော်မှ ရွေးကောက်တင်မြှောက်ပြီး တိုင်းပြုပြည်ပြုလွတ်တော်မှ ပြည်ထောင်စု မြန်မာနိုင်ငံအလံ၊အထိမ်းအမှတ်သီချင်းနှင့်မြို့တော်ကို ၁၉၄၇-ခုနှစ်၊စက်တင်ဘာလ (၂၄)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေ၌ ထည့်သွင်းရေးဆွဲ အတည်ပြုပေးခဲ့သည်။

            ပအိုဝ်းတိုင်းရင်းသားများ ပထမဦးဆုံး အသုံးပြုခဲ့သောအလံမှာ ၁၉၂၈-ခုနှစ်၊ဖြားတန်ကောင်ခယ်ဦးဆောင်သောပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးအလံဖြစ်သည်။  ၄င်းအလံသည် အလျား (၉)ပေ၊ အနံ(၅)ပေရှိသော အစိမ်းရောင်ဖြစ်သည် အစိမ်းရောင်၏အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်း ပါရှိသည်။ အဖြူရောင်စက်ဝိုင်းအတွင်းတွင် တိုင်ရင်းဘက်သို့မျက်နှာမူထားသော ထိုင်နေသည့်ခြင်္သေ့ပုံပါရှိသည်။ အစိမ်းရောင်၏အဓိပ္ပါယ်မှာ နုပျိုလန်းဆန်းခြင်း၊ပေါ့ပါးသွက်လက်ရွှင်းလန်းခြင်းနှင့် အေးချမ်းသာယာခြင်းကိုဖော်ဆောင်သည်။ အဖြူရောင်သည် ဖြူစင်သန့်ရှင်းခြင်း၊ကျစ်လစ်သိမ်မွေ့နူးညံ့ခြင်းနှင့် အေးချမ်းသာယာတည်ငြိမ်သောသဘောကိုဆောင်ပါသည်။ ခြင်္သေ့သည်ခွန်အားကြီးမား၍ လျင်မြန်သွတ်လက်ပေါ့ပါးစွာလှုပ်ရှားနိုင်သောအစွမ်းရှိသည်။

            ဒုတိယကမ္ဘာစစ်အပြီး အာရှနိုင်ငံများ ကိုလိုနီလက်အောက်မှလွတ်မြောက်ရန် အမျိုးသားလှုပ်ရှားမူများစတင်ကြိုးပမ်းလာခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်းဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ လွတ်လပ်ရေး ရရှိရန်အပူတပြင်းကြိုးပမ်းလာခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် ဒုတိယ ပင်လုံညီလာခံကျင်းပနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူရန်တောင်တန်းဒေသတိုင်းရင်းသားများနှင့် သဘောတူညီမူရရှိခဲ့သည်။ ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးဖွဲ့နှင့်အတူ ပအိုဝ်းလူငယ်များ ပါဝင်လှုပ်ရှားခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် တောင်ကြီးဒေသ၊ဟိုပုံးဒေသ၊လွိုင်လင်ဒေသနှင့် ဆီဆိုင်ဒေသအတွင်း ပအိုဝ်းအမျိုးသားများကိုစတင်ည်းရုံးခဲ့ကြသည်။ ၁၉၄၇-ခုနှစ်တွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစုစည်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။  ပအု်ိဝ်းလွောင်းဗူး ဥက္ကဌအဖြစ်ဦးဘိုးခင်းအားလည်းကောင်း၊အတွင်းရေးမှူးအဖြစ်ဦခမ်းခိုင်အားလည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

               ပအိုဝ်းအမျိုးသားကိုယ်စားပြု ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစုစည်းအဖွဲ့၏အလံမှာ အလျား(၉)ပေ၊အနံ(၅)ပေရှ်ိ အစိမ်းရောင်ဖြစ်ပြီး အစိမ်းရောင်၏အလယ်ဗဟိုတည့်တည့်တွင် အဖြူရောင်စက်ဝိုင်းပါရှိသည်။ အဖြူရောင်စက်ဝိုင်း၏အလယ်တွင် ယခင်အသုံးပြုခဲ့သောခြင်္သေ့အစား ဒေါင်းပုံကို အသုံးပြုခဲ့သည်။၁၉၅၀-ပြည့်နှစ်တွင် ပအိုဝ်းလွောင်းဗူး(ခေါ်) ပအိုဝ်းစုစည်းအဖွဲ့အစား
 ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အတိုကောက်အားဖြင့်(ပအမဖ)ကို အမည်ပြောင်းလဲ၍ အသစ်ထပ်မံ
ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)၏ ဥက္ကဌဗိုလ်ဟိန်မောင်အားလည်းကောင်း၊အတွင်းရေးမှူးအဖြစ်ဦးဖေရှင်အားလည်းကောင်း ရွေးချယ်တင်မြှောက်တာဝန်ပေးအပ်ခဲ့ကြသည်။

            ၁၉၅၀-ခုနှစ်မှစ၍ပြည်ထောင်စု အမျိုးသားအဖွဲ့ချုပ်(ပအမဖ) အမူဆောင်များနှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများမှ အသင်းအဖွဲ့တစ်ခုတွင် မရှိမဖြစ်အထူးလိုအပ်လှသော ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေကိုပြုစုရေးဆွဲခဲ့ကြပါသည်။ အဆိုပါဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဥပဒေတွင် နိဒိန်း၊အခန်း(၈)နှင့်နိဂုံးဟူ၍ ပါရှိခဲ့သည်။ အခန်း(၁) အပိုဒ်(၃)တွင် အလံတော်၏ အချိုးမှာအလျား(၉)ပေ၊အနံ(၅)ပေ အချိုးဖြစ်၍ အလံတော်၏  ထက်ဝက်(၂ပေ၊ ၆လက်မ)၊အောက်ခံသည်အစိမ်းရင့်ရောင်ဖြစ်သည်။ တိုင်ရင်းဘက်  အပြာရင့်ရောင်၏အလျား(၄ပေ၊၆လက်မ) အနံ(၂ပေ၊၆လက်မ)၊ အဖျားဘက် အနီရောင်၏ အလျား(၄ပေ၊၆လက်မ)၊အနံ( ၂ပေ၊၆လက်မ)ရှိရမည်။ အပြာရင့်ရောင်၏အထက်ထောင့်စွန်းတွင် အချင်း(၁၈)လက်မ ကြယ်ဖြူကြီးတစ်လုံးပါရိရမည်။ဤအလံတော်မှာ ယာယီသတ်မှတ်ချက်ဖြစ်သည်ဟူ၍ ဖော်ပြရှိခဲ့သည်။

            ပအိုဝ်းအမျိုးသားအလံတော်ပါကြယ်နှင့်အရောင်များ၏အနက်အဓိပ္ပါယ်ဖော်ညွန်းချက်များမှာ ကြယ်၏အဓိပ္ပါယ်မှာကြယ်တို့မည်သည်လမ်းခရီးတွင်ရပ်တံ့ခြင်းမရှိ၊သွားမြဲခရီးကို မစွန့်၊ခရီးစဉ်အတိုင်းရှေ့သို့သာ ဆက်၍ခရီးနှင့်လေ့ရှိခြင်း၊ကမ္ဘာကြီးဖြစ်တည်ခဲ့သည့်အချိန်မှစ၍လွတ်လွတ်လပ်လပ်ကိုယ်ပိုင်သီးသန့်အလင်းရောင်ရှိခြင်းစသည့် အရည်အသွေးများရှိသည့်အပြင် ပအိုဝ်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြု၍တစ်လုံးတည်းသောကြယ်ကိုသတ်မှတ်ရခြင်းဖြစ်သည်။ အစိမ်းရင့်ရောင်သည်နုပျိုလန်းဆန်းခြင်း၊ပေါ့ပါးသွက်လက်ခြင်း၊ရွှင်ရွှင်လန်းလန်းရှိခြင်းအဓိပ္ပါယ်ကိုဆောင်သည်။ 

အနီရောင်သည်ရဲရင့်ခြင်း၊ပြတ်သားခြင်း၊သွက်လက်ဖျက်လတ်ခြင်းအဓိပ္ပါယ်ဆောင်သည်။အပြာရင့်ရောင်သည်အိန္ဒြေရှိခြင်း၊သိက္ခာရှိခြင်း၊ယုံကြည်စိတ်ချရခြင်း၊အဓိပ္ပါယ်ဆောင်သည်။ အလံ၏အရွယ်များမှာ ကြီးငယ်မဟူထိုအမျိုးအစားအတိုင်းကိုက်ညီနိုင်သမျှကိုက်ညီရမည်ဖြစ်သည်။ အထက်ပါ ပအိုဝ်းအလံတော်ကို ၁၉၅၅-ခုနှစ်၊ဇန်နဝါရီလ (၅)ရက်နေ့နှင့် (၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သောပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)ညီလာခံမှအတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပါသည်။


                                   အလံပါကြယ်နှင့်အရောင်များ၏ ဖွင့်ဆိုချက်များ

(က) ကြယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

        နိုင်ငံတိုင်း၊လူမျိုးတိုင်း၏ အများစုသည် ကြယ်သင်္ကေတကို အများဆုံးအသုံးပြုလေ့ရှိကြောင်း တွေ့ရှိရပါသည်။မြန်မာအဘိဓာန်ကျမ်းစာအုပ်တွင်ကြယ်ကိုအဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာ ညအခါ၌ ကောင်းကင်တွင်အလင်းရောင် အပွင့်ကလေးများသဖွယ်မြင်ရသောကောင်းကင်ဗိမာန် နက္ခတ်တာရာဟု ဖော်ပြထားသည်။ကြယ်တို့သည် အေးမြသော အလင်းရောင်ကိုပေးသည်ဟု လူသားတို့ထင်မှတ်ကြသည်။ အမှန်မှာကြယ်များသည်လည်း နေကဲ့သို့အလင်းရော အပူပါလွှတ်ပေးလျှက်ရှိသည်။နေတွင်ရှိသော ဓာတ်သဘာဝအားလုံးကြယ်တွင်ရှိသည်။အချို့သောကြယ်များသည်နေထက်အဆပေါင်းများစွာကြီးသကဲ့သို့နေထက်အဆပေါင်းများစွာပိုမို၍တောက်ပကြသည်။ အားကောင်းသောမှန်ပြောင်းများဖြင့်
ကြည့်လျှင်ကြယ်ပေါင်းသိန်းတစ်ထောင်ခန့်ကိုမြင်နိုင်သည်။ ကိုယ်ပိုင်အလင်းရောင်ရှိသောကြယ်ပေါင်းများစွာရှိသကဲ့သို့ကိုယ်ပိုင်အလင်းရောင်မရှိသောကြယ်ပေါင်းများစွာလည်းရှိသည်။
အလံများတွင် ကြယ်ဖြင့်အမှတ်အသားပြု၍ဖော်ပြရခြင်းမှာကြယ်တို့မည်သည်လမ်းခရီးတွင်ရပ်တံ့ခြင်းမရှိ၊သွားမြဲခရီးကို အစွန့်ပစ်ခရီးစဉ်အတိုင်းနောက်တွန့်သည်မရှိဘဲ ရှှေ့သို့သာဆက်၍ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ကမ္ဘာဖြစ်တည်ခဲ့သည့်အချိန်မှစ၍လွတ်လွတ်လပ်လပ်ကိုယ်ပိုင်သီးသန့်အလင်းရောင်ဖြင့်တည်ရှိခဲ့ခြင်းစသော ဂုဏ်၊အရည်အသွေးများရှိခြင်းကြောင့်ပင်ဖြစ်သည်။


(ခ) အဖြူရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်

အဖြူရောင်သည်လမင်း၏အရောင်ဖြစ်၍အေးချမ်းမူကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း၊ကျစ်လစ်သိပ်သည်းခြင်း၊သိပ်မွေ့နူးညံ့ခြင်းစသည့်အေးချမ်းသာယာတည်ငြိမ်သောသဘောကိုဆောင်သည်။စည်းကမ်းရှိသော၊စည်းစနစ်ရှိသော၊အစိမ်းသတ္တိရှိသည်။ ကျန်းမာရေးကို အထောက်အကူပြုသော သဘောကိုဆောင်သည်။ဆေးရုံများတွင် လူနာကုတင်၊အိပ်ယာခင်း၊ခေါင်းအုံးစွပ်၊ခန်းစည်းနှင့်ဆရာဝန်ဝတ်စုံများသည်အဖြူရောင်ကိုသာ အသုံးပြုကြသည်။ အဖြူရောင်ကိုမကျန်းမာသူလူမမာတွေ့လိုက်ရရုံဖြင့် စိတ်ချမ်းသာပြီးရောဂါသက်သာစေ၍ သောက၊ဒုက္ခများပြောပျောက်စေသည်။
ခေါင်းအုံးစွပ်ဖြူဖြူဖြင့် အိပ်စက်လျှင် အိပ်မက်လိုလိုမက်တတ်သည်။ အရောင်တောက်ပသောခေါင်းအုံးစွပ်များနှင့်အိပ်စက်လျှင်အိပ်မက်ဆိုးများမက်တတ်သည်။

(ဂ) အနီရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်
         အနီရောင်၏ အဓိပ္ပါယ်သည် ရဲရင့်ခြင်း၊ သွက်လက်ဖျတ်လတ်ခြင်း၊ ခြေမြန်လက်မြန်ရှိခြင်း၊ ပြိုင်ဘက်အပေါ်အနိုင်ရလိုမူစိတ်ဓာတ် ပြင်းထန်ခြင်း၊ သူရဲကောင်းဆန်ခြင်း၊ စိတ်ဓာတ်ကိုတက်ကြွအောင် လှုံ့ဆော်ပေးခြင်း၊ စိတ်ဓာတ်ပျော့ညံ့သူကို စိတ်ဓာတ်ကြွစေခြင်း စသောသဘောများဆောင်သည်။
အားကစားသမားများ အနီရောင်ဝတ်စုံ ဝတ်ကစာားလျှင် စွမ်းအင်များ အလိုလိုပြည့်ဝတိုးတက်ပြီး အနိုင်ရ လိုစိတ်ပြင်းထန်တတ်ကြသည်။ အနီရောင်ကိုကြိုက်နှစ်သက်သောလူများသည် ရဲစွမ်းသတ္တိရှိသူ၊ နိုးကြားတက်ကြွလှုပ်ရှားလိုသူ၊ အတိုက်အခိုက် ဝါသနာပါသူ၊ ဆွဲဆောင်စည်းရုံးတတ်သူများ ဖြစ်တတ်ကြသည်။

(ဃ) အပြာရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်
    အပြာရောင်၏အဓိပ္ပါယ်သည် အိန္ဒြေရှိခြင်း၊သိက္ခာရှိခြင်း၊ယုံကြည်စိတ်ချရခြင်း စသောအရည်အချင်းများရှိသည်။ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမူကိုဖြစ်စေပြီးစိတ်ပြေပျောက်မူအသွင်ကိုဖန်တီးပေးနိုင်သည်။ အသက်ရှင်သန်မူကို အားပေးနိုင်စွမ်းရှ်ိသည်။ အောင်မြင်မူရလိုလျှင် အပြာရောင်ကိုအသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင်သည် ခံစားထိခိုက်လွယ်သော၊အေးချမ်းစွာနေလိုသော၊ ပျော်ရွှင်မူကို မက်မောတတ်သော၊ခံစားမူများကိုထိန်းချုပ်နိုင်သောသဘောလည်းရှိသည်။ ထို့ကြောင့်အပြာရောင် ကိုကြိုက်နှစ်သက်သူများသည် နူးညံ့ပျော့ပြောင်းသော နှလုံးသားရှိသူသူတစ်ပါး၏မေတ္တာကို ခံယူလိုသူ၊မေတ္တာထားတတ်သူဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ၊အပြစ်ကင်းကင်းနေလိုသူများလည်းဖြစ်တတ်ကြသည်။

(င) အစိမ်းရောင် အဓိပ္ပါယ်ဖွင့်ဆိုချက်

အစိမ်းရောင်၏အဓိပ္ပါယ်သည် နုပျိုလန်းဆန်းခြင်း၊ပေါ့ပါးသွက်လက်ခြင်း၊ရွှင်ရွှင်လန်းလန်းဖြစ်စေခြင်း၊အိုမင်းရင့်ရော်ခြင်းကိုတိုက်ဖျက်ခြင်း သဘောရှိသည့်အပြင်သစ္စာရှိသော၊ကတိတည်သော၊ကြင်နာဂရုဏာတရားကြီးမားသော၊သူတစ်ပါးကို ကူညီတတ်သော ချိုသာရည်မွန်သောသဘောများကို ဆောင်ပါသည်။ အစိမ်းရောင်သည် ကြည်လင်အေးချမ်းသောသဘောရှိသဖြင့်လယ်ကွင်းပြင်စိမ်းကို ကြည့်ရှုရခြင်းသည်ခြောက်သွေ့နေသော ကန္တာရကို ကြည့်ရှုရခြင်းထက် စိတ်ချမ်းသာမူ၊အေးချမ်းသာယာပျော်ရွှင်မူကို ပို၍ဖြစ်စေသည်။ နိုင်ငံတကာဆေးရုံများ၏ လူနာခြုံစောင်များ၏အရောင်မှာအစိမ်းရောင်ကို အသုံးပြုလေ့ရှိကြသည်။ လေအေးပေးစက်တပ်ဆင်ထားသောအခန်းကို အနီရောင်ဆေးသုတ်ပေးခြင်း
ထက် အစိမ်းရောင်သုတ်ပေးခြင်းက အအေးဓာတ်ပိုစေနိုင်ပါသည်။ အစိမ်းရောင်ကိုကြိုက်နှစ်သက်တတ်သူသည်အပူအပင်မရှိ၊စိတ်ကူးယဉ်တတ်သူ ဖြစ်လေ့ရှိကြသည်။ 


ပြည်ထောင်စုထဲကပအိုဝ်း စာအုပ်မှကူးယူဖေါ်ပြအပ်ပါသည်။

Khon Pa'O Kham
ခွန်အောင်ႏစွုမ်ႏဗွေ

                           >> https://paokhamtan.blogspot.com/<<


Comments