ဖြားဗွာလှဖေ အကြောင်း


အာဇာနည်ပုဂ္ဂိုလ်ကြီး၏သမိုင်းကြောင်း (သို့မဟုတ်) ဖြားဗွာလှဖေ၏အတ္ထုပတ္တိ
==========================

၁၃၈၀ခုနှစ်၊ တော်သလင်းလဆုတ် (၅) ရက်နေ့တွင်ကျရောက်သောနေ့သည် ပအိုဝ်းအာဇာနည်နေ့ဖြစ်သည်။ ပအိုဝ်းအာဇာနည်နေ့ကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၄၃) ကြိမ်မြောက်ရှိသွားပြီဖြစ်သည်။ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေကွယ်လွန်သောနေ့ကို အစွဲပြုပြီး တော်သလင်းလဆုတ် (၅) ရက်နေ့ကို ပအိုဝ်းတစ်မျိုးသားလုံး၏ အာဇာနည်နေ့ဟု ၁၉၇၆ ခုနှစ် လုံးဒါညီလာခံတွင် သတ်မှတ်ခဲ့ကြသည်။
ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးဖြားဗွာ-ဦးလှဖေသည် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ညောင်ပလ္လင်ရပ်သံပုရာပင်ဆိပ်ရွာတွင် ကောဇာသက္ကရာဇ် (၁၂၇၁) ခုနှစ်၊ တန်းခူးလဆုတ် (၂)ရက်၊ ခရစ်သက္ကရာဇ် (၁၉၁၀)ခုနှစ် မတ်လ(၂၆) ရက်နေ့တွင်အဖ-ဖာဖြားဒွန်း၊ အမိ-မွိုးနန်းသီးလယ်သမားမိသားစုမှဖွားမြင်လာသူဖြစ်သည်။ ခရစ်သက္ကရာဇ် (၁၉၁၆) ခုနှစ်မှ (၁၉၂၁) ခုနှစ်အချိန်ထိ ညောင်ပလ္လင်ရပ်တွင်ပညာသင်ယူပြီးသက္ကရာဇ်(၁၉၂၁) ခုနှစ်အချိန်တွင်သထုံရှိအေဗွီအဆင့်မြင့်ကျောင်းတွင်တွင် ထပ်ဆင့်ပညာသင်ယူခဲ့လေသည်။ (၁၉၂၄) မှ (၁၉၂၇) ခုနှစ်တွင် မောလ်မြိုင်မြို့စိန်ပထဲရစ်” “St Ptrik” မှအဆင့်မြင့်ကျောင်းတွင်ပညာသင်ယူခဲ့လေသည်။ (၁၉၃၂) ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်၌ ဘီအက်စ်စီဂုဏ်ထူး”(BSc,BL) ဘွဲ့ကိုရယူပြီး (၁၉၃၆)ခုနှစ်၊ အင်္ဂလန်နိုင်ငံလန်ဒန်တက္ကသိုလ်တွင် ဥပဒေပါရဂူဘွဲ့(B.L)ကိုဆွတ်ခူးရယူခဲ့သည်။ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားဗွာဦးလှဖေသည်(B.Sc,BL) ဘွဲ့နှစ်မျိုးကိုဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ သက္ကရာဇ် (၁၉၃၆) ခုနှစ်တွင်တက္ကသိုလ်ဘွဲ့များရရှိခဲ့ပြီးနောက် အင်္ဂလိပ်အစိုးရလုပ်ဆောင်သည့်မဲရွေးချယ်ပွဲတွင် သထုံမှစ၍မဲဆန္ဒရွေးချယ်ခံရပြီး ဥပဒေလွတ်တော်အမတ်ဖြစ်လာသည်။ (၁၉၃၇) ခုနှစ်တွင်အင်္ဂလိပ်အစိုးရကဖွဲ့စည်းခဲ့သောဒေါက်တာဘမော်ဦးဆောင်သည့်ပါလီမန်တွင် ဒုတိယလွတ်တော်ဥက္ကဌဖြစ်လာသည်။ ဖြားဗွာဦးလှဖေသည် ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နုတို့ဦးဆောင်၍ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းနယ်ချဲ့ဆန့်ကျင်တော်လှန်ရေးတပ်ပေါင်းစုတွင်လည်းပါဝင်ဆောင်ရွက်ခဲ့လေသည်။ (၁၉၃၉) ခုနှစ်မှ (၁၉၄၂) ခုနှစ်တွင် ပြည်သူ့လွှတ်တော်အတွင်းဝန်တစ်ယောက်ဖြစ်လာခဲ့သည်။ (၁၉၄၂) ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့ဂျင်နရယ်အီဒါးဖွဲ့စည်းခဲ့သော ယာယီအစိုးရတွင် ဒေါက်တာဘမော်(ဝန်ကြီးချုပ်)၊ ဒေါက်တာသိန်းမောင်(ဘဏ္ဍာရေးဝန်းကြီး)၊ သခင်ထွန်းအုတ်(သစ်တောရေးဝန်ကြီး)၊ သခင်ဘစိန်(လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ သခင်သန်းထွန်း(စိုက်ပျိုးရေးဝန်ကြီး)၊ ဦးဘဝင်း(ပညာရေးဝန်ကြီး)၊ ဦးထွန်းအောင်(တရားရေးဝန်ကြီး)၊ ဖြားဗွာဦးလှဖေ(ရောင်းဝယ်ရေးနှင့်စက်မှုလက်မှုဌာနဝန်ကြီး)၊ ဗန္ဓုလဦးစိန်(မြေယာအိမ်ဝိုင်းဆောက်လုပ်ရေးဝန်ကြီး) တို့ဖြစ်ကြသည်။ လွတ်လပ်ရေးရရှိရန်အတွက်သက္ကရာဇ် (၁၉၄၃)ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင်ယာယီအစိုးရဖြစ်သော ဒေါက်တာဘမော်၊ သခင်မြ၊ ဒေါက်တာသိန်းမောင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးကျော်စိန်၊ ဖြားဗွာလှဖေ၊ ဗိုလ်ရန်နိုင်နှင့်ဦးတင်ရွှေတို့သည် ဂျပန်နိုင်ငံတိုဂျိုမြို့သွားရောက်ခဲ့ကြလေသည်။အထက်ပါပုဂ္ဂိုလ်တို့မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ဂျပန်အစိုးရနှင့်သွားရောက်ဆွေးနွေးခဲ့သူများဖြစ်ကြသည်။ (၁၉၄၃)ခုနှစ်၊သြဂုတ်လ (၁) ရက်နေ့တွင်ဂျပန်အစိုးရလွတ်လပ်ရေးပေးပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သောအစိုးရအဖွဲ့မှာ ဒေါက်တာဘမော်(ဝန်ကြီးချုပ်)၊ သခင်မြ(ဒုဝန်ကြီးချုပ်)၊ ဗိုလ်ချုပ်အောင်ဆန်း (ကာကွယ်ရေးဝန်ကြီးချုပ်)၊ ဒေါက်တာသိန်းမောင်(ဘဏ္ဍရေးဝန်းကြီး)၊ သခင်နု(နိုင်ငံခြားရေးရာဝန်ကြီး)၊ဦးဘဝင်း(အတွင်းဝန်ကြီး)၊ ဦးစိန်(တိုးတက်ရေးနှင့်စည်းရုံးရေးဝန်ကြီး)၊ သခင်လေးမောင်(လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ ဦးအေး(အခွန်တော်ဝန်ကြီး)၊ ဖြားဗွာလှဖေ(သစ်တောနှင့်သတ္တုရေးဝန်ကြီး)၊ ဦးလှမင်း(ပညာရေးနှင့်ကျန်းမာရေးဝန်ကြီး)တို့ဖြစ်ကြသည်။ ဖြားဗွာဦးလှဖေသည် ဂျပန်ခေတ်ဝန်ကြီးတာဝန်များထမ်းဆောင်လာသည်သာမက ဂျပန်နိုင်ငံသွားရောက်စဉ်ဂျပန်ဘုရင်နှင့်တွေ့ဆုံခဲ့သသောဗမာပြည်အုပ်ချုပ်ရေးအစိုးရအဖွဲ့သည်(၁၉၄၂) ခုနှစ်၊ဇွန်လ (၂၀)ရက်နေ့တွင်အရှေ့တောင်အာရှလူငယ်အစည်းအရုံးကိုဖွဲ့စည်းခဲ့သည်။ (၁၉၄၅)ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့ည(၉)နာရီအချိန်ရန်ကုန်မြို့ရှိကုတ်ကင်းလမ်းနှင့်ရွတ္တလမ်းအရှေ့ပိုင်းစစ်ရဲခြံဝိုင်းအတွင်းတွင်ရှိသောဂျပန်တို့သည်ဒေါက်တာဘမော်၊ ဦးထွန်းအောင်၊ ဗန္ဓုလဦးစိန်၊ ဖြားဗွာလှဖေ၊ သခင်လွန်းဘော်၊ သခင်မြ၊ဦးကျော်ငြိမ်း၊ ဦးလှမောင်၊ ဒေါက်တာဘဟန်၊ ဦးရန်နိုင်တို့ကိုခေါ်ဆောင်၍ မော်လမြိုင်မုဒုံသံဖြူဖရပ်ဖက်တို့ဆုတ်ပြန်ခြဲ့ကသည်။ (၁၉၄၆) ခုနှစ်၊ မတ်လ (၂၀)ရက်နေ့မှ (၂၈)ရက်နေ့အထိရှမ်းပြည်နယ်လက်မှုပညာပြပွဲဖြစ်သောပထမပင်လုံညီလာခံသည်ဖဆပလအရာရှိဦးဘအေး၊ သခင်နု၊ မျိုးချစ်ပါတီသား-ဂဠုန်ဦးစော၊ မိတ္ထိလာဦးဘရင်၊ပြည်နယ်ကြီး/ငယ်မှရှမ်းစော်ဘွားများချင်ဒူးဝါးအပါအဝင်ဖြားဗွာဦးလှဖေသည်လည်းယင်းညီလာခံကိုတက်ရောက်ခဲ့သည်။
ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ရလဖအဖွဲ့ဝင်ဖြစ်သော ဖြားဗွာဦးဖြူ၊ထွက်နန္တာဟိန်၊ ဗိုလ်ဟိန်မောင်တို့ပါပထမပင်လုံညီလာခံကြီးကိုတက်ရောက်ခဲ့ကြပြီးအပြန်တွင်မျိုးချစ်ခေါင်းဆောင်ဆီဆိုင်မြို့နယ်စဝ်ခွန်ကြည်နှင့် ပေါင်းစပ်ခဲ့သည်။ (၁၃၀၈)ခုဝါဆိုလဆန်း(၂)ရက်သက္ကရာဇ် (၁၉၄၆) ဇွန်လ(၃၀)ရက်နေ့တွင် ဖြားဦးခဲ၊ ဖြားဗွာလှဖေ၊ ဖြားဘိုမျှင်၊ ဖြားပြူးတို့ဦးဆောင်၍ပအိုဝ်းတောင်သူအမျိုးသားများအဖွဲ့ချုပ်ကြီးကိုသထုံမြို့ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့အဖြစ်ဖွဲ့စည်းနိုင်ခဲ့သည်။ 
သက္ကရာဇ်(၁၃၀၈)ခုတပေါင်းလပြည့်ကျော် (၂)ရက်၊စနေနေ့တွင် ပထမဆုံးတစ်ကြိမ်ပအိုဝ်းအမျိုးသားညီလာခံကြီးကို သထုံမြို့နယ်ကြယ်တာယာရုပ်ရှင်ရုံတွင်ကျင်းပခဲ့သည်။ ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ်လှုပ်ရှားမှုနယ်မြေများမှာ သထုံခရိုင်ကော့ကရိတ်၊ ဘားအံ၊ တောင်ငူ၊ ဇရပ်ကြီး၊ ထန်းတပင်၊ ဒိုက်ဦးမြို့အိမ်မြေ(၄၀)များစသည့်နယ်များဖြစ်ကြသည်။ (၁၉၄၇)ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅)ရက်ကရင်အဖွဲ့အစည်း(KCOBKNA) ဒေါကလူနှင့် (KYO) စသောအဖွဲ့အစည်းများသည်ဖျက်သိမ်းပြီး (KNU)ကရင်အမျိုးသားအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌစောစံဖိုးတင်ဖြစ်ပြီး ဒု-ဥက္ကဋ္ဌမှာဖြားဗွာလှဖေနှင့်အဖွဲ့ဝင်(၁၇)ဦးဖြစ်သည်။ ဖြားဗွာဦးလှဖေသည်ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ်တွင် အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း ကရင်အဖွဲ့အစည်း(KNU)တွင် ဒု-ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ အသစ်တစ်ခါပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် ကရင်ညီလာခံတွင်အပိုဒ်(၃)အရ စောဘဦးကြီး၊ စောစံဖိုးတင်၊ ဖြားဗွာလှဖေနှင့်ဆရာသာထိုတို့ပါဝင်သောအရာရှိအဖွဲ့သည် ဘိလပ်ပါလီမန်အဖွဲ့အရာရှိမစ္စတာအေဗိဗောစ့်တို့စုဝေးမှုများရှိခဲ့ကြသည်။ ပအိုဝ်းတောင်သူအမျိုးသားများအဖွဲ့ချုပ်ဦးဆောင်သူဖြားဗွာလှဖေ၊ ဖြားဦးခဲ၊ ဖြားဦးစံရွှေ၊ ဖြားပြူးတို့ဦးဆောင်ပြီး (၁၉၄၈)ခုနှစ်သထုံမြို့ မော်ကျော့်ရပ် ရေကျော်ဘုန်းတော်ကြီးကျောင်းတွင်ဆန္ဒပြပွဲကျင်းပရာ၌ ပအိုဝ်းတိုင်းရင်းသားတစ်သောင်းကျော်တို့ကိုယ်တိုင်တက်ရောက်အားပေးခဲ့သည်။ ဆန္ဒပြပွဲတွင်အမျိုးသားခေါင်းဆောင်ဖြားဗွာလှဖေ၊ဦးခဲနှင့် ဦးပြူတို့ကမိန့်ခွန်းများပြောကြားကြပြီး အောက်ပါအချက်ကြီးနှစ်ချက်ကို တောင်းဆိုနိုင်ခြဲ့ကသည်။
၁။ပအိုဝ်းတောင်သူဟုခေါ်ဆိုခြင်းမပြုရ။ ပအိုဝ်းကိုပအိုဝ်းလူမျိုးဟုခေါ်ရမည်။
၂။ပအိုဝ်းတိုင်းရင်းသားအတွက် တပ်ရင်းနှစ်ရင်းဖွဲ့စည်းပေးရန်တို့ဖြစ်သည်။
ကမ္ဘာ့သမိုင်းတွင်နာမည်ကျော်ကြားလျက်ရှိသော (၁၉၄၇) ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ကရင်ကိုယ်စာလှယ်အနေဖြင့် ဖြားဗွာလှဖေကတက်ရောက်လေ့လာခဲ့သည်။ (၁၉၄၇) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ည တောင်ပိုင်းစော်ဘွားစဝ်ခွန်ပန်းစိန်ဧည့်ခံသော ညနေစာစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၊ မစ္စတာဘော်ထွမ်မလေ(အင်္ဂလိပ်လူမျိုးဘိလပ်ပါလီမန်ပုဂ္ဂိုလ်ကြီး)ဆာမားဒူးဝါးဆင်ဝါးနောင်၊ ရခိုင်၊ ဦးဝမ်ကိုဟော၊ ချင်း၊ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်နှင့်ဖြားဗွာဦးလှဖေသည်ကြွရောက်မိန့်ခွန်းပြောသူများဖြစ်သည်။ ညီလာခံကိုယ်စားလှယ်ဦးဖေခင်(အငြိမ်းစားသံအမတ်နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်)သည် ဖြားဗွာဦးလှဖေအပေါ်သုံးသပ်ချက်မှ ာဦးလှဖေသည် နိုင်ငံရေးအတွေ့အကြုံများပြားသည့်အမြင်ကျယ်ပြီးအသိတရားရှိသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်သည်။ သူသည်ဒုတိယကမ္ဘာစစ်မဖြစ်မှီလွှတ်တော်ရဲ့ဥက္ကဋ္ဌဖြစ်ကြောင်း၊ ညီလာခံတက်ရောက်ရာတွင်လည်း ရိုးရိုးတက်ရောက်လာခြင်းမဟုတ်၊ နိုင်ငံရေးတက်ကစားတဲ့အကြောင်းဦးလှဖေသည် ရှမ်း၊ ရခိုင်၊ ချင်း၊ ကရင်၊ ကရင်နီတို့ပါသောဖက်ဒရယ်တိုင်းပြည်တည်ထောင်နိုင်ရန် အမြဲတမ်းကြိုးပမ်းနေသူဖြစ်ကြောင်းဝေဖန်သုံးသပ်လေသည်။ (၁၉၄၈)ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့တွင် ကရင်ဆန့်ကျင်ရေးသမားတို့သည် သထုံခရိုင်တစ်ခုလုံးကိုသိမ်းယူပြီးသထုံမြို့အုပ်ချုပ်ရေးအဖွဲ့မှာ ဖြားဗွာဦလှဖေဦးဆောင်၍ အောက်ပါအတိုင်းဖွဲ့စည်းခဲ့သည်-
၁။ ဖြားဗွာလှဖေအုပ်ချုပ်ရေးအကြီးအကဲ
၂။ စောအုန်းဖေညွန့်တဲဖွက်အုပ်ချုပ်ရေးအကြီးအကဲ
၃။ စောရွှေဒုန်း ပြည်နယ်ရေးအကြီးအကဲအဖွဲ့ဝင် (၁၆) ဦးအဖြစ်ဖွဲ့စည်း၍သထုံခရိုင်နှင့်ယခင်ဘားအံနယ်လှိုင်းဘွဲ့ကော့ကရိတ်နယ်များကိုအုပ်ချုပ်ခဲ့လေသည်။
(၁၉၄၉) ခုနှစ် အစောပိုင်းကရင်ခေါင်းဆောင် စောဘဦးကြီး၊ ဦးလှဖေ၊ ကာနယ်အက်စသိန်းနှင့် ကချင်ခေါင်းဆောင်နော်ဆိုင်းတို့လွယ်ကော်မြို့တွင်(၁၉၄၉)ခုနှစ်၊ ဇူလိုင်လ၌ယခုတောင်ကြီးမြို့အားသိမ်းပိုက်ရန်တိုင်ပင်ကြသည်။ တောင်ကြီးမြို့ကိုသိမ်းပိုက်ရာတွင် ကရင်တပ်မှကာနယ်အက်စသိန်း၊ ကချင်တပ်မှ နော်ဆိုင်း၊ပအိုဝ်းတပ်မှခွန်ပန်းမောင်(ဇရပ်ကြီး) တို့ပါဝင်ကြသည်။ တောင်ကြီးမြို့သိမ်းပိုက်ပြီး (၅)ရက်အကြာတွင် နော်ဆိုင်းဦးဆောင်သောကချင်တပ်များသည် နောင်ချိုမြို့မှတဆင့်ကချင်ပြည်သို့ဆုတ်ပြန်သွားသည်။ တောင်ကြီးမြို့အားစစ်အုပ်ချုပ်ရေးပုံစံဖြစ်အုပ်ချုပ်ခဲ့သည်။ မြို့အုပ်ချုပ်ရေးကော်မတီဝင်များမှာ-
၁။ ဖြားဗွာဦးလှဖေအုပ်ချူပ်ရေးမှူး
၂။ ဖြားဝိဒါအဖွဲ့ဝင်
၃။ကာနယ်အက်စသိန်းအဖွဲ့ဝင်
၄။ မေဂျာအာရစ်မဲင်းအဖွဲ့ဝင်
၅။ဗိုလ်ကြီးမောင်လေးအဖွဲ့ဝင်တို့ဖြစ်ကြသည်။
တောင်ကြီးမြို့သိမ်းပိုက်ပြီးနောက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးနှင့်ယူအဲမ်ပီတပ်ဗိုလ်ဂျမာဒါချန်ဇုံ (ဟိုပုံးမြို့အရှေ့မြောက်ဖက်ကျောက်တန်းရွာ)၊ ဂျမဒါ၊ လှဖေငယ်၊ လူစွမ်းကောင်းပျာဒွီးအဖွဲ့၊ ခွန်စိန်(ဆီဆိုင်)၊ ဗိုလ်ဟိန်မောင်(ဖာမွန်း)၊ ဟိန်းသျှင်းငွေ(ကျောက်တန်း)တို့သည် တောင်ကြီးမြို့ဦးဖိုးခင်အိမ်တွင် ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ကြရန် စုဝေးတိုင်ပင်သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ပဒေသရာဇ်စနစ်ဆန့်ကျင်ရေးသမားများ တောင်ကြီးမြို့ကိုသိမ်းယူပြီး (၃)လအကြာတွင် အပြည်ပြည်ဆိုင်ရာအစိုးရတပ်မှ တောင်ကြီးမြို့အားပြန်လည်တိုက်ခိုက်သဖြင့် ဖြားဗွာဦလှဖေ၊ ဗိုလ်မှူးအက်စသိန်း၊ ဂျမဒါချန်ဇုံ၊ ဂျမဒါလှဖေငယ်၊ လူစွမ်းကောင်းပျာဒွီးအဖွဲ့၊ ခွန်စိန်(ဆီဆိုင်)၊ ဗိုလ်ဟိန်မောင်(ဖာမွန်း)၊ ဟိန်းသျှင်းငွေ (ကျောင်တန်း) တို့ပါဝင်သောတပ်ဖွဲ့များသည် တောင်ကြီးတောင်ဖက်နောင်ပါလံ၊ ထီဟန်ဆွေးသို့ဆုတ်ခွာသွားခဲ့ပြီး နောင်ပါလံအားမီးရှို့ဖျက်ဆီးခဲ့သည်။ အရှေ့တောင်ဖက်သို့ခရီးထွက်စဉ် ဆီဆိုင်မြို့အနီးစခန်းချနေချိန်တွင် ဖြားဗွာဦးလှဖေသည် ကရင်ဥက္ကဋ္ဌစောဘဦးကြီးနှင့်ဗိုလ်ကြီးဟယ်ဒီထံသို့ ရှမ်းပြည်တောင်ပိုင်းပဒေသရာဇ်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးအတွက်(ကေအဲန်ယူ)အဖွဲ့မှဦးလှဖေနှုတ်ထွက်လိုကြောင်းအကြောင်းကြားခဲ့သည်။ ဥက္ကဋ္ဌစောဘဦးကြီးမှနှုတ်ထွက်ခွင့်ပြုပြီးနောက်ပိုင်း မော်လမြိုင်နှင့်ရန်ကုန်ဘဏ်တွင် သူ၏ကိုယ်ပိုင်ငွေ(၁၅)သိန်းထုတ်ယူသည်။ပြီးလျှင်ယင်းငွေနှင့်စစ်လက်နက်များဝယ်ယူတပ်ဆင်သည်။ ကာနယ်အက်စသိန်းနှင့်ဗိုလ်ချုပ်ရွှေဆိုင်း(ယခုတပ်မဟာ၆ကေအဲန်ယူ)ထံဆက်သွယ်ဝယ်ယူသည်။ လက်နက်ခဲယမ်းမီးကျောက် (၁၅)သိန်းဘိုးဝယ်ယူရာတွင်တပ်ခွဲ(၃)ခွဲအတွက်ရရုံသာမက ဗိုလ်မှူးအက်စသိန်းအဖွဲ့လက်နက်အချို့များကူညီပေးခဲ့သည်။ ထို့ကြောင့်(၁၉၄၉)ခုနှစ်၊ ဒီဇင်ဘာလ (၁၁)နေ့တွင်ဖွဲ့စည်းခဲ့သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပအလဖ)သည် ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ရန်အတွက်အင်အားကြီးမားခဲ့သည်။ ဖြားတန်ကျောင်တိယုံ၊ ဖြားတန်ကောင်ခယ်း၊ ဖြားတန်ကျောင်ဝါးရ၊ ဖြားတန်ကောင်ပြဲုင်၊ ဖြားတန်ကျောင်ဘုတ်၊ ဖြားတန်နားဆီဆောက်၊ ဖြားတန်ကုန္န၊ ဖြားတန်နမ်းသြ၊ ဆရာတော်ဦးနေမိ(နောင်ဟဲင်းကြီး)၊ ဦးအောင်သာ(နောင်ကာ)၊ ဗိုလ်ဟိန်မောင်(ဖာမွန်း)၊နန္တဟိန်(စငေါ)၊ ဟိန်သျင်းငွေ(ကျောက်တန်းဟိုပုံး)၊ ဖြားဗွာဦးလှဖေ(ဝန်ကြီးလှဖေ)၊ ဗိုလ်ချန်ဇုံ(ဂျမဒါချန်ဇုံ)၊ ဗိုလ်လှဖေငယ်(ဂျမဒါလှဖေငယ်)တို့ဖြစ်ကြသည်။ နိုင်ငံရေးပိုင်းတွင် ဖြားဗွာလှဖေတာဝန်ယူပြီးစစ်ရေးဖက်တွင် ဗိုလ်ချန်ဇုံမှာတာဝန်ယူပေးသည်။ (၁၉၅၅)ခုနှစ်၊ နိုဝင်ဘာလတွင်ဆရာတော်ဦးနေမိ၊ ဖြားဗွာဦးလှဖေနှင့် မွေးစားသားဆရာခင်မောင်(ယခုဦးဇင်းကြီးမူလမင်းကွန်းကျောင်းတိုက်)၊ စဝ်စံထွန်းစျေးအရှေ့ဖက်။ ပအလဖတပ်ဖွဲ့သည်ကမ်းလှမ်းမှုဖိတ်စာကိုရရှိ၍သခင်သန်းထွန်း(ဗကပဥက္ကဋ္ဌ) ပျဉ်းမနားနယ်တောင်ညိုစခန်းကိုသွားရောက်ခဲ့လေသည်။ တောင်ညိုစခန်းတွင် ပအလဖနှင့်ဗကပတို့သည် သုံးရက်တိုင်တိုင်ပေါင်းစည်း၍အောက်ပါကြေညာချက်များကိုထုတ်ပြန်ကြေညာခဲ့သည်။
၁။ နယ်ချဲ့စနစ်နှင့်ပဒေသရာဇ်စနစ်တို့ကိုတိုက်ထုတ်ရန်။
၂။ လူမျိုးတိုင်းကိုယ်တိုင်ပြဌာန်းခွင့်အခွင့်အရေးရရှိရန်။
၃။ ဗကပများပအိုဝ်းနယ်အတွင်းသို့ဖြတ်သန်းသွားလာသည့်အခါခွင့်ပြုမှုရပြီးတဖွဲ့နှင့်တဖွဲ့အပြန်အလှန်ကူညီရန်။
၄။ ပအမဖနှင့်ဗကပသည်မဟာမိတ်အမြဲတမ်းဖြစ်တည်ရန်။
၅။ ပအိုဝ်းဒေသသည် အနောက်ဖက်ပေါင်းလောင်းမြစ်၊ တောင်ဖက်ကရင်နီနယ်စပ်မြောက်ဖက် ဒုဠဝတီဇော်ဂျီမြစ်အထိ အရှေ့ဖက်ကွန်ဟိန်းနယ်စပ်အထိ နယ်မြေသတ်မှတ်ချက်ကိုသဘောတူသည်။

သက္ကရာဇ်(၁၉၅၇/၅၈)ခုနှစ်တွင် ငြိမ်းချမ်းရေးရယူခြင်းသည်ကမ္ဘာ့အခြေအနေနှင့်ပြည်တွင်းအခြေအနေအရပြည်သူ့ဆန္ဒများသည် ငြိမ်းချမ်းရေးကိုမျှော်လင့်စောင့်ကြိုနေကြသောကြောင့်ဖြစ်သည်။ ပအလဖပဒေသရာဇ်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့သည်(၁၉၅၈)ခုနှစ်၊မေလ(၅)ရက်နေ့တွင်အများနည်းတူငြိမ်းချမ်းရေးယူခဲ့သည်။အင်းသားတော်လှန်ရေးအဖွဲ့ဆရာညွန့်နှင့်ဗိုလ်မြိုင်(ယခုပီအဲန်အိုနာယက) တို့သည်လည်းပူးပေါင်း၍ငြိမ်းချမ်းရေးပြုလုပ်သည့်အခမ်းအနားတွင် ဖြားဗွာဦးလှဖေ၊ ဗိုလ်ချုပ်ချန်ဇုံ၊ ဆရာညွန့်၊ ဗိုလ်မြိုင်တို့မိန့်ခွန်းကိုယ်စီပြောကြားခဲ့သည်။ (၁၉၅၉)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင်ပအမဖတတိယအကြိမ် ပြည်လုံးကျွတ်ညီလာခံတွင်ညီလာခံနောက်ဆုံးနေ့၌ဖြားဗွာဦးလှဖေသည်ရှမ်းပြည်နယ်ရှိစော်ဘွားများသည် မကြာမီအာဏာစွန့်လွတ်တော့မည်အကြောင်းကို မင်္ဂလာသတင်းအဖြစ်တင်သွင်းခဲ့သည်။ ထောက်ခံသူမှာဗိုလ်ချုပ်ချန်ဇုံဖြစ်သည်။ ဥပဒေဘောင်အတွင်းမှ လှုပ်ရှားမှုများပအိုဝ်းတိုင်းရင်းသားများသိပ္ပံနည်းကျစိုက်ပျိုးရေးပညာများကို စိတ်ဝင်စားသည့်အတွက် (၁၉၅၉)ခုနှစ်တွင် နောင်မွန်အရှေ့ဘက်နောင်ခမ်းဥယျာဉ်ကိုတည်ထောင်ပေးခဲ့သည်။ နောင်ခမ်းဥယျာဉ်တွက် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ အစ္စရေးနိုင်ငံနှင့်ဂျပန်နိုင်ငံတွင်ရှိသော စိုက်ပျိုးရေးပညာရှင်များသည်လာရောက်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ (၁၉၆၀) မဲဆန္ဒရွေးကောက်ပွဲတွင်ဖြားဗွာဦးလှဖေအပါအဝင်ဖြားဗွာဦးဖြူ၊ ဖြားဦးကျော်စိန်တို့ပါလီမန်အမတ်ဖြစ်လာကြသည်။ (၁၉၆၀)ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် လွတ်တော်တရားရေးဝန်းကြီးဦးအေးမောင်ခေါင်းဆောင်သော ဥပဒေပြင်ဆင်ရေးကော်မတီ (၂၉)ယောက်တွင်ဖြားဗွာဦးလှဖေလည်းပါဝင်လေသည်။ (၁၉၆၁)ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ တောင်ကြီးမြို့တွင်ကျင်းပသော စော်ဘွားများဦးဆောင်သောစည်းဝေးပွဲများတွင် ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်တွင်ဖြားဗွာဦးလှဖေနှင့်အတူ ဖြားဗွာဦးဖြူ၊ ဖြားဦးကျော်စိန်ပါဝင်လေသည်။ (၁၉၅၉)ခုနှစ်၊ စက်တင်ဘာလတွင် သထုံခရိုင်တွင်ရှိသော ဦးဖြူ၊ ဦးစံတင်တို့ခေါင်းဆောင်သောပအမဖအနေဖြင့်တွေ့ဆုံစေ့စပ်၍ပအိုဝ်းအဖွဲ့နှစ်ဖွဲ့ (အောက်ပြည်)သည်သင့်မြတ်သွေးစည်းခဲ့ကြသည်။ (၁၉၆၀) နိုဝင်ဘာ (၇) ရက်နေ့တွင်ရှမ်းပြည်တွင်လှုပ်ရှားသောပအမဖအဖွဲ့ဝင် ဖြားဗွာဦလှဖေ၊ ဖြားဗွာဦးဖြူနှင့်ဦးကျော်စိန်တို့သည်ဖက်ဒရယ်မူအတွက်လှုပ်ရှားမှုတွင်ပါဝင်လေသည်။ (၁၉၆၃)ခုနှစ်ဇူလိုင်လ(၂၀)ရက်နေ့တွင် ဖြားဗွာဦးလှဖေဦးဆောင်သောလူမျိုးပေါင်းစုံကော်မီတီထဲတွင် ဖြားဗွာဦးလှဖေသည်(ဥက္ကဋ္ဌ)ဖြစ်ပြီးအတွင်းရေးမှူးမှာမန်းဒါဝိတ်(ကရင်လူငယ်အဖွဲ့)ဖြစ်သည်။ အဖွဲ့အစည်းထဲတွင်ပအိုဝ်း၊မွန်၊ရှမ်း၊ကရင်၊ရခိုင်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအပါအဝင်ဖြစ်သည်။ရည်ရွယ်ချက်များမှာ-
(၁) လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေး
(၂) လူမျိုးတိုင်းကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့ဖြစ်သည်။
လူမျိုးပေါင်းစုံကော်မတီဥက္ကဋ္ဌ ဖြားဗွာလှဖေဦးဆောင်မှုအောက်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ညီညွတ်ရေးကိုတော်တော်များများတည်ဆောက်နိုင်ခဲ့သည်။ ၁၉၆၃-ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင် တိုင်းရင်းသားကော်မတီကိုဖွဲ့စည်းသည်။ ဥက္ကဋ္ဌမှာဖြားဗွာလှဖေဖြစ်ပြီးအတွင်းရေးမှူးမှာဗိုလ်မြသွေး ဖြစ်သည်။

ရည်ရွယ်ချက်များမှာ၁။ ပဒေသရာဇ်စနစ်နှင့်နယ်ချဲ့စနစ်ကိုဆန့်ကျင်ရေး
၂။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးတို့ဖြစ်သည်။
တိုင်းရင်းသားကော်မတီဥက္ကဋ္ဌဖြားဗွာလှဖေ၏ဦးဆောင်မှုအောက်တွင်(၆)ခရိုင်ဆန္ဒပြပွဲကိုရန်ကုန်မြို့၌ကျင်းပရာလူထုအင်အား(၁)သိန်းကျော်တက်ရောက်ခဲ့သည်။ ငြိမ်းချမ်းရေးခေါင်းဆောင်ဆရာသခင်ကိုယ်တော်မှိုင်းနှင့်ဖြားဗွာလှဖေတို့မိန့်ခွန်းများပြောကြားခဲ့သည်။ ဖြားဗွာလှဖေသည်(၁၉၆၄)ခုနှစ်တွင် အစိုးရ၏ဖမ်းဆီးခြင်းခံရပြီး(၁၉၇၁)ခုနှစ်တွင် ရန်ကုန်ထောင်မှလွတ်မြောက်လာသည်။ ၁၉၇၃ခုနှစ်တွင်ရန်ကုန်မှ တော်လှန်ရေးနယ်မြေမှ ပြန်ထွက်လာခဲ့ပြီ းရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး “S.S.N.L.F” ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည်။ အတွင်းရေးမှူးမှာဖြားတန်အောင်ခမ်းထီ(ယခုP.N.Oဥက္ကဋ္ဌ)ဖြစ်သည်။ ၁၉၇၄ခုနှစ်၊ စက်တင်ဘာလ(၂၆) ရက်၊ ကောဇာသက္ကရာဇ် (၁၃၃၇)ခုနှစ်၊ တော်သလင်းလဆုတ်(၅)ရက်၊ အသက်(၆၆)ခုနှစ်တွင် တောင်ကြီးမြို့နယ်၊ ပန်တွန်ရွာ၌ဘဝတပါးသို့ကူးပြောင်းသွားသည်။ ဖြားဗွာလှဖေကိုဂုဏ်ပြုသောအားဖြင့် ဖြားဗွာလှဖေကွယ်လွန်သည့်နေ့ကို ပအိုဝ်းအာဇာနည်နေ့ဟု လုံးဒါညီလာခံတွင် ကန့်ကွက်သူမရှိဘဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အာဇာနည်ဆိုသည်မှာ လူအများကောင်းကျိုးအတွက် လူသာမန်တို့ မလုပ်နိုင်တဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှုတို့ကိုကိုယ့်ကိုယ်ကျိုးအတွက်မပါပဲ သန့်ရှင်းတဲ့စိတ်နှင့် သတ္တိရှိရှိလုပ်ဆောင်ပေးတဲ့ပုဂ္ဂိုလ်ဖြစ်သည်ဟု နားလည်သဘောပေါက်ပါသည်။ လောကကြီးမှာ သတ္တိရှိတဲ့လူတွေ စွန့်လွှတ်နိုင်တဲ့လူတွေအများကြီးရှိပါသည်။ သို့သော် သူတို့အားလုံးကို အာဇာနည်ဟူ၍သတ်မှတ်လို့မရနိုင်ပါ။ အသုံးချတဲ့နေရာပေါ်မှာမူတည်ပြီး အကျိုးဖြစ်ထွန်းမှုသည်လည်းမတူညီနိုင်ပါ။ အာဇာနည်ဟူသည် ကိုယ့်ရဲ့စွန့်လွှတ်၊ စွန့်စားမှုသည်အများအတွက်လိုအပ်သည့်နေရာမှာ မှန်မှန်ကန်ကန်အသုံးချနိုင်ခြင်းဖြစ်သည်။ အများအတွက် သက်စွန့် ကြိုးပန်းဆောင်ရွက်ခြင်းသည် သေခြင်း,မသေခြင်းနဲ့မဆိုင်ပါ အသက်ကိုပဓာနမထားခြင်း(မငဲ့မကွက်စွန့်နိင်ခြင်း)နဲ့သာဆိုင်ပါသည်။ အာဇာနည်ဟူသည့်စကားလုံးသည် ပါဋိမှဆင်းသက်လာခြင်းဖြစ်သည်။
ယနေ့ခေတ်လူသားများသည် ကိုယ့်အကျိုးမပါပဲ အများအကျိုးအတွက် ဆောင်ရွက်ပေးနိုင်မည့်သူသည် အတော်ပင်နည်းသွားပြီဖြစ်သည်။ လူတော်တော်များများသည် အများအကျိုးဆိုသည့်ခေါင်းစဉ်အောက်မှာ ကိုယ့်အတွက်နည်းနည်းလေးပါအောင်လုပ်ချင်ကြသည်ကများသည်။ စွန့်လွှတ်သည့်နေရာမှာလည်း အချိန်တွေ၊ ငွေတွေ စွန့်လွှတ်နိုင်သည့်တိုင်အောင် အသက်နဲ့ခန္ဓာကိုစွန့်ဖို့အတွက်ဆိုရင် လုပ်နိုင်ရန်အတော်ခဲယဉ်းသွားပြီဖြစ်သည်။ ဒါကိုမကောင်းဘူးလို့ပြောလို့မရနိုင်ပါ။ အကြောင်းမှာ ဒါသည်လူတွေရဲ့ သဘောသဘာဝကျတဲ့ ပုံမှန်စိတ်အနေအထားကြောင့်ဖြစ်သည်။ ထို့ကြောင့် လူသာမာန်နှင့် ဟီးရိုးသည်အတော်သိသာကွာခြားသွားပြီဖြစ်သည်။ ရည်မှန်းချက်ကို ရောက်အောင်လုပ်ရန်ဆိုသည်မှာ စွန့်လွှတ်မှုသတ္တိရှိရုံနှင့် မပြည့်စုံသလို အတွေးအခေါ်ဆုံးဖြတ်နိုင်စွမ်းတွေကလည်း အရမ်းအရေးကြီးပါသည်။ ထို့ကြောင့် အာဇာနည်ပုဂ္ဂိုလ်သည်တိုင်းပြည်တစ်ခု၊ လူမျိုးတစ်မျိုးမှ ာတစ်ယောက်ပေါ်ရန်အတော်ပင်ခက်ခဲပြီး ပြည်သူတို့ရဲ့လေးစားရိုသေမှု၊ အမှတ်ရမှုကို ဖြစ်စေသည်မှာအလွန်ကိုမှသဘာဝကျလှပါသည်။
ထို့ကြောင့် ပအိုဝ်းလူမျိုးတိုင်းသည်ဖြားဗွာလှဖေလို သူရဲကောင်းစိတ်တွေ မွေးရမည်မိမိတို့သည် အာဇာနည်တစ်ယောက်ဖြစ်ရန်ခက်သော်လည်း အာဇာနည်တစ်ယောက်၏ စိတ်ထားမျိုး အတတ်နိုင်ဆုံးမွေးမြူသင့်သည်ဟု ယူဆမိရင်း ပဒေသရာဇ်ဆန့်ကျင်တော်လှန်ရေးကာလတွင် ပအိုဝ်းအမျိုးသားများအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စိတ်ဓါတ်အင်အားတက်ကြွစွာဖြင့် ဦးဆောင်ပေးခဲ့သောအမျိုးသားခေါင်းဆောင်ကြီးဖြားဗွာလှဖေ(ခေါ်)ကျောင်ပန္တိ၏အတ္ထုပတ္တိအကျဉ်းသည် အနာဂတ်လူငယ်များအတွက်လေ့လာဆောင်ယူနိုင်ရန်ဂုဏ်ယူစွာဖြင့်တင်ပြအပ်ပါသည်။


Comments