ပအိုဝ်းလူမျိုးတို့၏ ညတာခရီးရှည်
===========================
တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်
ပအိုဝ်းလူမျိုးများသည် နေ့တာခရီးရှည်များကိုဖြတ်ကျော်ခဲ့ဖူးသကဲ့သို့ ညတာခရီးရှည် တစ်ခုကိုလည်း မနုဟာမင်းလက်ထက် သက္ကရာဇ် ၄၁၉ - ခုနှစ်တွင် စတင်ခဲ့ကြသည်။ လကွယ်ညတွင် နေဝင်သည်မှစပြီး တစ်ဖြေးဖြေးမှောင်၍ သန်းခေါင်ဝန်းကျင်တွင် အမှောင်ဆုံးဖြစ်လျှက် သန်းခေါင်ကျော်မှစ၍ တစ်ဖြေးဖြေးလင်းလာရိုးရှိသည်။ လူမျိုးတစ်မျိုး၏ လကွယ်ညနေဝင်လျှင် ဖြေးဖြေးလည်း မှောင်တတ်သကဲ့သို့ လင်းလျှင်လည်း ဖြေးဖြေးချင်း လင်းလာတတ်သည်။ အပြီးအပိုင်ပြန်လင်း မလာတတ်သော နိယာမ မရှိသော်လည်း အနှေးနှင့်အမြန်ဆိုသည့် အချိန်ကာလကို စောင့်ဆိုင်း နေရခြင်းပင်ဖြစ်သည်။
ပအိုဝ်းလူမျိုးများသည်လည်း မနုဟာမင်းခေတ်နောက်ပိုင်း ၄၁၉-ခုနှစ်မှစ၍ နေဝင်စဖြစ်ပြီး တစ်ဖြေး ဖြေးမှောင်မည်းလာခြင်းဖြစ်သည်။ ပိဋကတ်စာပေများ၊ လောကီလောကုတ္တရာ နှုတ်မှု ပညာ၊ လက်မှု ပညာရှင်များ၊ ဓာတ်တော်-မွေတော်နှင့် စာတတ်သိလ်ဝန်၊ ဂုဏဝန် ပအိုဝ်း ကိုယ်တော်များသည် ပုဂံသို့ မနုဟာမင်းနှင့်အတူ သက္ကရာဇ် ၄၁၉-တွင် ကြွမြန်းကြရပြီး ပအိုဝ်းအုပ်စု (၇) စုသည် မော်ချီး၊ သံတောင်၊ မိုးဗြဲ၊ ပင်လောင်း၊ တောင်ကြီး၊ ဟိုပုံး၊ လွယ်လင်နှင့်၎င်းမှတစ်ဆင့် မိုင်းကိုင်ထိ သက္ကရာဇ် ၄၃၄-ခုနှစ်ခန့်တွင် ရောက်ရှိသွားခဲ့ကြသည်။
ထိုသို့ပြောင်းရွေ့သွားလာရင်း လုပ်ကွက်ကိုင်ကွက်အခက်အခဲကြောင့် သက္ကရာဇ် ၄၃၇-ခုနှစ်တွင် မိုင်းကိုင်မှအနောက်တောင် လွယ်လင်၊ မိုးနဲ၊ မောက်မယ်သို့တစ်ဖန် ယခုဆီဆိုင်နယ်၊ သထုံးလေး သို့ ရောက်ခဲ့ပြန်သည်။ သက္ကရာဇ် ၄၄၂- ခုနှစ်ခန့်တွင်ရှမ်းနှင့်ကယားနယ်စပ် ထရီဒေါအရပ်တွင် အခြေစိုက်ခဲ့ကြသည်။ သက္ကရာဇ် ၄၆၅-ခုနှစ်တွင်ထိုဒေသတွင် ပအိုဝ်းအကြီး အကဲ ခွန်ပတိက အုပ်ချုပ်ခဲ့ပြီး ၎င်းနောက်ဆက်တိုက် ၇ ဦးအုပ်ချုပ်ခဲ့သည်။ မည်သူဆိုသည်ကို မှတ်တမ်းအသေးစိတ် မတွေ့ရှိရဟု ဆိုသည်။ ၎င်းနောက် သမိုင်းအဆက်ဆက်ကြာသည်အထိ ပျောက်ကွယ်သွားပြီး သက္ကရာဇ် ၁၁၀၀ ဝန်းကျင်ခန့်အထိ အစအနမတွေ့ရတော့ချေ။ ဤအနှစ် (၆၀၀)အတွင်း ပအိုဝ်း လူမျိုးများ “ဘာလုပ်နေခဲ့သနည်း။ ဘာစားခဲ့ကြသနည်း။ ချမ်းသာစွာ သို့မဟုတ် ဆင်းရဲစွာ နေထိုင်ခဲ့ကြပါသလား” ဆိုသော် မေးခွန်းပေါင်းစုံ၊ အတွေးပေါင်းစုံ တွေးထင် စဉ်းစားရပါလိမ့်မည်။
သက္ကရာဇ် ၉၀၁-ခုနှစ်တွင် စစ်ကိုင်း၊ ပင်းယ၊ အင်းဝတစ်ဝိုက် သံဃာများ ၊ စေတီပုထိုး၊ စာပေ များကို သိုဟန်ဖွား ရက်ရက်စက်စက် ဖျက်ဆီးသကဲ့သို့ ပအိုဝ်းသည်လည်း အလွန့်အလွန် ခေတ်အဆက်ဆက်က ညှင်းဆဲနှိပ်စက်ခြင်း မချိမဆံ့ခံခဲ့ရသလား၊ ပဒေသရာဇ်အချင်းချင်း ထောင်သောင်းချီသော နယ်လုလူသတ်ပွဲတွင် ဗလိနတ်စာကြွေး အသက်စတေးခံလျှက် ကာဗာ ဖြစ်ပေးခဲ့ရလေသလား။ ဆရာဒကာမည်သို့ရပ်တည်လာခဲ့ရသည်ကို ယနေ့မည်သို့ပင် ပြန်လည် တွေးတောစေကာမူ မသိနိုင်တော့ချေ။
နိုင်လျှင်ယူစတမ်းဖြင့် နယ်ချဲ့ရေး၊ ဘုန်းတန်ခိုးထူထောင်ရေးကိုသာ အမြဲရှေးရှုနေကြသည့် လူသူအသက်ပေါင်းများစွာကို နယ်မြေရွှေငွေပစ္စည်းနှင့် ရက်ရက်စက်စက်လဲလှယ်မှုပြုကြသည့် ပဒေသရာဇ်တို့လက်အောက်တွင် ပအိုဝ်းများတစ်ဦးကိုတစ်ဦး ဘယ်ပုံဖက်၍ မြုပ်ကွယ်မသွား ယနေ့တွင် ဘွားဘွားပြန်ပေါ်လာခဲ့သည်မှာ ပဟေဠိကဲ့သို့ပင် အဖြေရှာရခက်လှပေသည်။ ဤကဲ့ သို့ သမိုင်းခါးခါးကိုခံစားခဲ့ရသည်သာမက လမ်းပျောက်ကွယ်ခဲ့ရခြင်းမှာ မျိုးခြားပဒေသရာဇ် အောက်တွင် ပအိုဝ်းများသည် တောင်သူလယ်လုပ်သူသာရှိ၍ သီးခြားလူမျိုးအမည်မသုံးတော့ဘဲ တောင်သူလယ်တန်းစားဟူ၍ ထည့်သုံးခေါ်ဝေါ်ခံရခြင်း၊ တောင်အရပ်ကလာသည့်သူဟု သတ်မှတ်ခြင်းခံရပြီး တောင်သူလူတန်းစားနှင့်ရောယောင်၍ ခေါ်ဝေါ်ခံရခြင်း၊ သမိုင်းမျက်နှာစာများ ရာဇဝင်များသို့ အရောက်မခံရခြင်း သို့မဟုတ် ခေတ်အဆက်ဆက်တွင် စာပေအမွေများ၊ ပညာရှင်များဆက်လက်၍ နှိပ်ကွပ်ဖျက်စီးခံရခြင်း စသည့်အကြောင်းများစွာဖြင့် သမိုင်းခါးဆက်ပြတ်ခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ အချုပ်မှာ လူမျိုးခြားပဒေသရာဇ်မင်းကြီး မင်းငယ် အသွယ်သွယ်တို့၏ အုပ်ချုပ်မှုအောက်တွင် တကွဲတပြားလဲနေနေရ၍စုစည်းနိုင်ခွင့်လည်းမရှိ၊ တစ်စုံတစ်ရာ ပြဌာန်းခွင့်မရှိ ပိညှပ်၍နှစ်ကာလများစွာနေနေရစဉ်အတွင်း စာပေနှင့်လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး အပိုင်းအစများသည် တစ်ဖြေးဖြေးချင်း မှောက်လျက်မှောင်လျက် ပျောက်လျက် ပျောက်လျက်ရှိခဲ့လေရာ သက္ကရာဇ် ၁၀၀၀ခန့်ရောက်သောအခါ ညဉ့်ကာလအနှစ် ၆၀၀ ခန့် ရှိလေပြီဖြစ်၍ လုံးဝညဉ့်နက်ကြီး သန်းခေါင်ကြီး သုညလုံးလုံးအခါကြီးဖြစ်လာခဲ့ရကြောင်း မှတ်သားရပါသည်။
အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဆောက်လုပ်ရေး၊ နိုင်ငံရေးနက်နဲသည့် ပိဋကတ်ပညာရေး စသည့် ယဉ်ကျေးမှုအားလုံးပျောက်ကွယ်ခဲ့ရပြီး ပလိုင်းတစ်လုံး၊ ခြင်းတစ်ခု၊ ပေါက်ပြားတစ်လက်ဖြင့် မြေကြီးကို အန်တု၍အိမ်သွားအိမ်ပြန်မျှ လုပ်တတ်ကြတော့သည်။ အနှစ်ခြောက်ရာခန့် ညဉ့်နက်သည်ထက် နက်လာခဲ့ပြီးသည့်နောက်တွင် သမိုင်းအရ ရာဇဝင်တွင်ခဲ့ဖူးသေးသည်။ ခရစ်ယာန်သာသာနာပြုများ စတင်ရောက်ရှိစဉ် မြန်မာသက္ကရာဇ် ၉၁၀ မတိုင်မှီက ကရင်အုပ်စုတွင် ပအိုဝ်းအမျိုးသားစာပေရှိကြောင်း မျက်နှာဖြူများမှတ်တမ်းကို ကိုးကားဟန်ရှိသည့် မြန်မာ့စွယ်စုံကျမ်းတွင် မှတ်တမ်းပြုစုထားသည်ကို တွေ့ရှိနိုင်ပေမည်။ ထိုသို့ဖြစ်လျှင် ထိုအချိန်ကတည်းက ပအိုဝ်းလူမျိုးသည် လုံးလုံးနလပိန်း တုံးမဖြစ်သေးဟုမှတ်ရန်ရှိသော်လည်း ဘယ်နေ့အထိ ဘယ်လို သွားခဲ့သည်ကိုသမိုင်းဆက်၍မရသဖြင့် ညဉ့်ကာလထဲမှာပင် အကြုံးဝင်ခဲ့သည်။
သက္ကရာဇ် ၁၁၄၄-ခုနှစ်မှ ၁၁၈၁-ခုနှစ်အထိ မြန်မာ ပဒုံမင်းလက်ထက်တွင်မူ ယခု လွယ်ပွတ်ကျေးရွာအုပ်စုအတွင်း ယခုထမ်းသဲုင်ကို ခမ်သဲုင်အမည်ဖြင့် ရွာကြီးတစ်ရွာတည်ထောင်အခြေစိုက်၍ ပအိုဝ်းဒေသကို ပအိုဝ်းအကြီးအကဲတစ်ဦးက အုပ်ချုပ်နေထိုင်ကြောင်း သမိုင်းမျက်စိတွင် ရေးရေးကလေးစတင်ပြန်ပေါ်လာခဲ့သည်။ သို့ဖြစ်၍အနှစ် ၆၀၀ ခန့်ကြာ မှောင်နေခဲ့သော ညဉ့်ခရီးရှည်ကြီးသည် ဗဒုံမင်းလက်ထက်တွင် ကုန်ခဲ့လေပြီ။ အနှစ် ၆၀၀ခန့် အိပ်ပျော်ခဲ့ကြ၊ ငုပ်နေခဲ့ကြပါလျက် ထိုကာလအတွင်းအပြီးမသေ၊ လင်းအာရုဏ်တစ်ခုပေါ်လာအောင်အထိ ရှင်လျက်ပင် ပအိုဝ်းများပြန်နိုးလာသည်မှာ ရတနာ (၃)ပါးနှင့် မျိုးရိုးစိတ်က စောင့်ရှောက်လာခဲ့ ခြင်းသာဖြစ်သည်။ ရတနာ (၃)ပါးသည် ကိုးကွယ်ဖက်တွယ်သူကို အမှန်ပင် သစ္စာရှိရှိ စောင့်ရှောက်ခဲ့ကြ၍သာ အနှစ် (၆၀၀)ကျော်ခန့် ချောက်ချအိပ်ပျော်သူပအိုဝ်းများ အပြီးပိုင်မသေ လင်းအာရုဏ်ကိုစောင့်၍ ပြန်လည်နိုးထလာခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့်သမိုင်းမျက်စိဖြင့်ကြည့်လျှင် ယနေ့ခေတ်ပအိုဝ်းလူမျိုးကို မျက်ဝါးထင်ထင်တွေ့မြင် နေရပြီဖြစ်သည်။ ပအိုဝ်းလူမျိုးများသည် နှစ် (၆၀၀)ခန့်ကြာသော ညဥ့်တာခရီးရှည်ကို ဖြတ်ကျော်လာခဲ့ရပြီး ထိုညဉ့်တာခရီးရှည်မှာ ဗဒုံမင်းလက်ထက်ကတည်းကပင်ကုန်လွန်ခဲ့ပြီ ဖြစ်သည်။ ညဉ့်တာ ခရီးရှည်ကုန်လွန်ပြီး နေ့တာခရီးကို ပျော်ရွှင်စွာ လျောက်လှမ်းနေရပြီ ဖြစ်သောကြောင့် လင်းထိန်တောက်ပသော နေ့သစ်ကို အမြဲလျှောက်လှမ်းနိုင်စေရန် ဆက်လက် ထိန်းသိမ်း နိုင်ကြပါစေကြောင်း ဤဆောင်းပါးဖြင့် မှောင်မိုက်သောသမိုင်းကို ပြန်လည်ရေးသားလိုက်ရပါသည်။
ကိုးကား။ ။ တောင်ကြီးမြို့နယ်၊ နောင်ကားတောင်ကျောင်းဆရာတော်ကြီး ဘဒ္ဒ န္တပဏ္ဍိတ မဟာထေရ်၏
ထေရုပ္ပတ္တိမှတ်တမ်း။
နန်းစိန်ကျင်း (အွံအား)
#KhonPaOKham
Comments
Post a Comment